၁) ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ ကျောင်းဆရာမ အသက် (၂၆) နှစ် ရှိ လွေးမြမွှေးအောင်နှင့် မိုင်းဖိုးစိန်အမည်ရှိ TNLA တပ်ဖွဲ့ဝင်တစ်ဦးတို့သည် လူငယ်ချင်း ချစ်ကြိုက်ပြီး (၃) နှစ်ခန့် ချစ်သူရည်စားဖြစ်ကြပါသည်။ ဇန်နဝါရီလ ၂၄ ရက် ည (၇) နာရီခန့်တွင် လူငယ်ချင်း သဘောထား မတိုက်ဆိုင်မှုကြောင့် အချင်းချင်း စကားများပြီး မိုင်းဖိုးစိန်မှ ဆရာမနေအိမ်အတွင်း သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့သည်။
၂) မည်သို့ပင် သဘောထားမတိုက်ဆိုင်စေကာမူ အချင်းချင်းစကားများပြီး သေဆုံးသည်အထိ ရက်စက်စွာ ပစ်သတ်ခြင်းသည် အမျိုးသမီးများ၏ ဘဝလုံခြုံမှုကို ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်စေသည့်အပြင် ပြည်သူလူထုအပေါ် တုန်လှုပ်ခြောက်ခြားစေသည့် ဖြစ်ရပ်ဖြစ်သဖြင့် အမျိုးသမီးအရေးလှုပ်ရှားနေသည့် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။
၃) ဤဖြစ်စဉ်နှင့် ပတ်သက်၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူ ၎င်းတို့၏ တပ်ဖွဲ့ဝင် မိုင်းဖိုးစိန်အား ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူပေးမည်ဟု ထုတ်ပြန်သည့်အပေါ် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ကြိုဆိုလိုက်ပါသည်။
၄) ပြစ်မှုကျူးလွန်သူအား အပြစ်ပေးအရေးယူရာတွင် နစ်နာသူအမျိုးသမီးနှင့် မိသားစုဝင်များအတွက် တရား မျှတမှုရှိစေရန် ပွင့်လင်းမြင်သာသည့် အရေးယူဆောင်ရွက်မှုများနှင့် ကုစားမှုများ အမြန်ဆုံး အကောင်အထည် ဖော်ပေးပါရန်နှင့် ဤကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရေးအတွက် တာဝန်ယူ ဆောင်ရွက် ပေးရန် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တောင်းဆိုအပ်ပါသည်။
ဆက်သွယ်ရန်
၀၉-၂၅၆ ၁၂၈ ၅၈၂
၀၉-၇၉၁ ၅၃၀ ၄၅၁