စစ်ရှောင်ပြည်သူတွေရဲ့ အိမ်နှင့် ပစ္စည်းအချို့ကို RCSS/SSA တပ်ဖွဲ့မှ ဖောက်ထွင်း ဖျက်ဆီး

0

ဒီဇင်ဘာလ ၂၅ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ကျောက်မဲမြို့နယ် လွယ်အံတင်းအုပ်စုထဲက ကျေးရွာသားတွေ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA မှ အိမ်ထဲကို ဝင်ရောက် မွှေနှောက်ခဲ့ပြီး ပစ္စည်းအချို့ယူသွားခဲ့တယ်လို့ သိရပါတယ်။

လွယ်အံတင်းအုပ်စုအတွင်းမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကတည်းက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာမှ ပြည်သူလူထု ၁၆၀၀ ဝန်းကျင်က ဘေးလွတ်ရာ ကျောက်မဲမြို့ပေါ်သို့ ယနေ့အချိန်ထိ ထွက်ပြေးနေကြပါတယ်။

လွယ်အံတင်းအုပ်စုတွင် ပါဝင်တဲ့ ကျေးရွာများကတော့ ကောင်းခါး၊ ခုံငင်း၊ ပန်မခမ်း၊ ပန်လော့၊ ကုန်းသာ နှင့် မန်စပ်ကျေးရွာတွေပဲ ဖြစ်ပါတယ်။

အမည်မဖော်ပြလိုတဲ့ ဒေသခံတစ်ဦးက ” ရွာကလူတွေ အကုန်လုံးနီးပါး ထွက်ပြေးနေကြတဲ့အချိန်မှာ အိမ်တိုင်းလိုလို တံခါးဖောက်ပြီး မွှေထားတာ၊ အုပ်စုထဲက ကျေးရွာ ၇ ရွာစလုံး အဲ့လိုလုပ်တာခံ ရတယ်၊ တစ်ချို့အိမ်က ပစ္စည်းတွေ တမင်သက်သက် ဖျက်စီးထားတာ တွေ့ရတယ်၊ ယူသွားတဲ့ဟာတွေလည်း ရှိတယ် အသေးစိတ်တော့ မသိဘူး” လို့ ပြောပါတယ်။

အဲ့ဒီအပြင် ပန်လော့ကျေးရွာက နွား ၁၁ ကောင် နှင့် ကောင်းခါးကျေးရွာ ၄ ကောင်အထိ ပျောက်ဆုံးနေပြီး စားသုံးဆီ၊ ဓာတ်ဆီ နှင့် ကုန်စုံဆိုင်က ဘီယာနှင့် စားသောက်စရာတွေ ယူသွားခဲ့တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

” ရွာမှာ ဘယ်လက်နက်ကိုင်ပဲလာလာ အကုန်လုံးကို ကြိုဆိုတယ်၊ ကျနော်တို့တွေက တိုင်းရင်းသားတွေ ဆိုတော့ အတူတူနေနိုင်အောင် ကြိုးစားတယ် အဲ့လိုဖြစ်အောင်လည်း ကိုယ့်ကိုယ်ကို ပြန်သင်ယူတယ်၊ တကယ်လို့ ငြိမ်းချမ်းပြီဆိုရင်တော့ ကျနော်တို့ဒေသကို အေးအေးဆေးဆေးနဲ့ ပြန်နေချင်တယ်၊ ရွာထဲမှာ ရှိနေတဲ့ တပ်ဖွဲ့တွေလဲ လူထုကို သနားငဲ့ညှာစေချင်တယ်၊ ရောဂါကာလလည်း ဖြစ်နေတယ်ဆိုတော့ အားလုံးက အကျပ်အတည်း ရင်ဆိုင်နေတဲ့ အချိန်မှာ ဒါမျိုးတွေ မဖြစ်စေချင်တာအမှန်ပါ ” အမည်မဖော်လိုတဲ့ ပန်မခမ်းဒေသခံတစ်ဦးမှ အခုလို ရင်ဖွင့်ပြောဆိုပါတယ်။

အခုလက်ရှိမှာတော့ လွယ်အံတင်းအုပ်စုအတွင်းမှာ RCSS/SSA တပ်ဖွဲ့က နေရာအပြည့်ယူထားပြီး TNLA တပ်ဖွဲ့နဲ့ အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်တာကြောင့် ရွာသားတွေအနေနဲ့ ရွာမပြန်သေးပဲ ကျောက်မဲမြို့ ပေါ်မှာ စစ်ရှောင်နေကြဆဲ ဖြစ်ပါတယ်။

Share.