ဇန်နဝါရီ ၄ ရက်မှ စ၍ ကျောက်မဲမြို့နယ် တော့ဆန်အုပ်စုနှင့် ညောင်မောင်းအုပ်စု အတွင်းတွင် RCSS နှင့် TNLA တို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်ခဲ့ သောကြောင့် အရပ်သား နေအိမ် (၆၀) လုံး ထိခိုက်ပျက်စီးခဲ့တယ်။
တော့ဆန်ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ တော့ဆန်အုပ်စုမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် တိုက်ပွဲတွေ ကွက်ကြားသာဖြစ်ခဲ့ပြီး လွတ်လပ်ရေးနေ့ မနက် ၅ နာရီမှ စ၍ ၆ ရက်နေ့အထိ လက်နက်ကိုင် ၂ ဖွဲ့အကြား စစ်ရေးတင်းမာခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ရွာက အပေါ်ရွာနဲ့အောက်ရွာ ရှိတယ်၊ ဈေးရပ်ကွက်နှင့် ရွာမ ရှိတယ် အခုဖြစ်တာက ရွာမဘက်မှာ ဖြစ်တာ၊ အိမ်ကတော့ အလုံး ၆၀ လောက် ထိခိုက်တယ် အရမ်းထိခိုက်ပျက်စီးတာတော့ ၅ အိမ်လောက်ရှိတယ် “လို့ ပြောပြပါတယ်။
ထိခိုက်မှုအများဆုံးအိမ်ကတော့ (၁) ဦးတေဇ (၂) ဦးစိုင်းကံ (၃) ဒေါ်အေးငြိမ် (၄) ဦးညီ (၅) မအေးယိင်းတို့ နေအိမ်ပဲဖြစ်ပါတယ်။ နေအိမ် ၆၀ လုံးအပြင် အရပ်သားတစ်ဦးဖြစ်တဲ့ ဦးစိုင်းထွန်းအေးကလည်း လက်မောင်းမှာ သေနတ်ကျည်ဆံထိထားပြီး ဒဏ်ရာရထားပါတယ်။
လတ်တလော တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တော့ဆန်အုပ်စုထဲက စာပို့ရွာနှင့် ကုန်းသာရွာသစ်မှ ရွာသားတွေက အုန်းငမ်းကျေးရွာနှင့်ပန်းမကျေးရွာမှာ လူဦးရေ ၁၂၀ ကျော် ထွက်ပြေးတိမ်းရှောင်ပြီး လွယ်အံတင်းအုပ်စုရှိ ဒေသခံများမှ ကျောက်မဲမြို့ပေါ်သို့ ၁၆၀၀ ဝန်းကျင်လောက် ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။