မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ကျောက်ဝါအုပ်စု မန်နားကျေးရွာတွင် တာဝန်ကျသည့် ကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးကို စစ်ဝတ်စုံဖြင့် လူတစ်စုမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ဖြူရောင်ကျေးရွာရှိ (ဇာတိ) နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။
ကျောင်းအုပ်ဆရာမကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိုးကုတ်မြို့နယ် ရဲစခန်းမှ ပထမကြိမ် လာရောက် ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လည် လွှတ်ပေးခဲ့သော်လည်း မည်သည့်အကြောင်းပြချက်ဖြင့် ခေါ်ဆောင်မေးမြန်းသည်ကို မသိရပါ။ ၂၈ ရက်နေ့ မနက်တွင် စစ်ဝတ်စုံဖြင့် လူတစ်စုမှ ဒုတိယအကြိမ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မိုးကုတ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် တရားရုံးတင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဖမ်းခံရတဲ့ချိန်ကနေစပြီး ဒီနေ့ချိန်ထိ ဆရာမနဲ့ မတွေ့ရသေးဘူး၊ ထမင်းတော့ ပုံမှန် မနက်တစ်ခါ ညတစ်ခါ ပို့ပေးရတယ်၊ ဘာကြောင့် ဖမ်းသွားလဲတော့ မသိဘူး”ဟု ဆရာမ၏ မိသားစုဝင်တစ်ဦးမှ ပြောသည်။
တအာင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးမိုင်းဝဏ္ဏ ပြောပြချက်အရ “ဆရာမကို မြို့မရဲစခန်းမှာ ထိန်းသိမ်းထား တယ်လို့ကြားရတယ်၊ သူတို့ ဘာကြောင့် ဖမ်းသွားလဲတော့ အခုချိန်ထိ မသိသေးဘူး၊ ရဲတွေပြောတာတော့ အမှုတည်ဆောက်နေဆဲဖြစ်တယ်၊ အမှုတည်ဆောက်ပြီးမှ တရားရုံး တင်မယ်လို့တော့ ပြောထားတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ပြောသည်။
တအာင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အနေဖြင့် မန့်နားကျောင်းအုပ်ဆရာမ အမှုကိစ္စနှင့် ပတ်သက်ပြီး မိုးကုတ် ပညာရေးမှူးထံ အကူအညီတောင်းဆိုထားကြောင်း ပြောဆိုသည်။