ဒီဇင်ဘာလ (၂၈) ရက် ၂၀၂၀ ခုနှစ်တွင် မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားသည့် မိုးကုတ်မြို့နယ် မန်နား ကျေးရွာတွင် တာဝန်ကျသည့် မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးကို ဇန်နဝါရီ (၁၁) ရက် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးအကြိမ် တရားရုံးတွင် ရုံးချိန်းစတင်ခေါ်ယူကြောင်း သိရသည်။
မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးကို ပထမဆုံးအကြိမ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း မိနစ်ပိုင်းလောက်သာ ကြာပြီး မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုမည်ကို မသိရဘဲ ပြန်ခေါ်သွားသည်ဟု မိသားစုဝင်တစ်ဦးမှ ပြောသည်။
” ရုံးချိန်းဆိုပေမဲ့ ဆရာမနဲ့ တွေ့ခွင့်မရဘူး၊ စကားလဲ ပြောခွင့်မရဘူး၊ ၂မိနစ်လောက်ပဲ ရုံးထုတ်လာပြီးတော့ ပြန်ခေါ်သွားတယ်၊ ဘာကြောင့်ဖမ်းပြီး ဘာအမှုနဲ့ တရားစွဲမလဲတောင် မသိရသေးဘူး၊ ရဲကားပေါ်ကနေ ကျမကို ပုဒ်မ ၁၇/၁ နဲ့ တရားစွဲတယ်လို့ပဲ လှမ်းပြောတာကြားလိုက်တယ်” ဟု အစ်မတော်ဆပ်သူမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ပြောသည်။
ဆရာမ၏ ပထမကြိမ်ရုံးချိန်းတွင် မိသားစုဝင်များနှင့်အတူ လူငယ်များ၊ ဒေသခံများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့များလည်း လာရောက်ဝန်းရံ ကြသည်ဟု သိရသည်။
တအာင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ အတွင်းရေးမှူးမှ ဦးမိုင်းဝဏ္ဏမှ “ရဲတွေက အမှုတည်ဆောက်လို့ မပြီးသေးဘူးဆိုပြီး နောက်တစ်ပတ်ပြန်ချိန်းလိုက်တယ်၊ သူတို့က အမှုမစွဲရသေးဘူးဆိုပြီး ကျွန်တော် တို့ကိုလည်း တွေ့ခွင့်မရှိဘူးတဲ့၊ အဲ့တာကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတရုံးနဲ့ ဝန်ကြီးဌာန တွေကိုလဲ ဆရာမရဲ့ အမှုကိစ္စအတွက် ဖြေလျှော့ပေးဖို့ အသနားခံစာ တင်သွားမယ်”ဟု ပြောသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ ဆရာမကို နေအိမ်အထိ ကားဖြင့် လာရောက်ဖမ်းဆီးစဉ်တွင် မိသားစုဝင်များမှ ဆိုင်ကယ်ဖြင့် စစ်ဗျူဟာကုန်းအထိ နောက်လိုက်သွားသော်လည်း ဆရာမနှင့် တွေ့ခွင့်မရခဲ့ပဲ ပြန်လှည့်လာခဲ့ရသည်။