၂၀ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု တောင်ပလို့ကျေးရွာမှာ နေတဲ့ ဦးကော်လီကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့တယ်လို့ ဒေသခံထံမှ သိရပါတယ်။
အကြောင်းရင်းမှာ လွန်ခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းက စတင်ပြီး တော့ဆန်အုပ်စုမှာ RCSS နှင့် TNLA တို့နှစ်ဖွဲ့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနှင့် ပတ်သက်ပြီး ဦးကော်လီဟာ TNLA တပ်ဖွဲ့ကို ဆက်သွယ် သတင်းပေးတဲ့သူ ဖြစ်တယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်နိုင်ချေရှိတယ်လို့ ယူဆရတယ်ဟု လုံခြုံရေးအရ အမည်မဖာ်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်သိတာတော့ ကော်လီက ဆေးထိုးဆရာတစ်ဦးဖြစ်တယ် နောက်ပြီးတော့ အလှော်ခြောက် လက်ဖက်လုပ်ငန်း လုပ်ကိုင်တဲ့သူဖြစ်တယ်၊ တော့ဆန်အုပ်စုအတွင်းမှာဆိုရင် သူပဲ လိုက်ပြီး ဆေးထိုးပေးတဲ့ သူဖြစ်တယ်၊ ကျနော်တို့ယူဆတာကတော့ သူကို့ အုပ်စုထဲကတစ်ယောက်ယောက်က သူ့ကို ကြည့်မရလို့ တိုင်ကြားတာပဲ ဖြစ်နိုင်တယ် မဟုတ်လဲ သူစကားပြောမှားပြီး သူ့ကိုကြည့်မရတဲ့လူရှိရင်လဲရှိမယ် ” လို့ ပြောပါတယ်။
RCSS တပ်ဖွဲ့က ဦးကော်လီကို နေအိမ်မှာ လာရောက်ဖမ်းဆီးချိန် မျက်လုံးပိတ်ပြီး ခေါ်ဆောင်သွားခဲ့တာ ၂ ရက်ရှိနေပေမဲ့ ယ္ခုချိန်ထိ အဆက်အသွယ်မရသေးပဲ ညောင်မောင်းကျေးရွာဘက်ရှိ RCSS တပ်စခန်းရှိရာ လွယ်ရင်းတောင်ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ဆန်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ကြည့်ရာမှ ဦးကော်လီဖမ်းဆီးခံရတဲ့ ကိစ္စကို မသိရသေးသလို သူ့ဆီကို လာရောက်တိုင်ကြားထားတာလည်း မတွေ့ရသေးဘူးလို့ ပြောပါတယ်။
ဘယ်လက်နက်ကိုင်တပ်ဖွဲ့မဆို အပြစ်မဲ့တဲ့ပြည်သူတွေကို မင်္သကာမှုနဲ့ မကြာခဏဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ် မဖြစ်စေချင်သလို ဖမ်းဆီးသွားခဲ့ရင်တောင် အပြစ်မရှိရင် ပြန်လွှတ်ပေးစေချင်တယ်လို့ သူက ပြောသွားခဲ့ပါတယ်။
ဦးကော်လီသည် ဦးထွန်းမြိုင်မှ ဦးဆောင်သော တအာင်း(ပလောင်)လက်ဖက်စိုက်ပျိုးရေးအသင်းမှာ အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။