မီးသွေးတင် ယာဉ်မောင်းတစ်ဦးကို မြန်မာ့တပ်မတော်မှ သေနတ်ဖြင့် ပစ်လိုက်သောကြောင့် ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေ

0

နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာအုပ်စု၊ လွယ်လောင်ကျေးရွာနေ မီးသွေးတင်ကား ယာဉ်မောင်းဖြစ်သူ ဦးညီလာကို ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်စောစော ၃ နာရီခန့် မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ကျေးရွာ ဘော်လုံးကွင်းအနီးတွင် မြန်မာ့တပ်မတော်မှ သေနတ်ဖြင့် ပစ်လိုက်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဦးညီလာသည် နမ့်ဖတ်ကာနယ်ဘက်မှ ကားကြီးဖြင့် မီးသွေးတင်ဆောင်လာပြီး တရုတ်ပြည်သို့ တင်ပို့ရန် မူဆယ်မြို့နယ်၊ အထက်နမ့်ဟွယ်ရွာပတ်လမ်းမှ ပန်ဆိုင်းသို့သွားသော လမ်းမကြီးအတိုင်း ထွက်လာစဉ် မြန်မာ့တပ်မတော်မှ ယာဉ်မောင်း၏ ဘယ်ဘက်ပေါင်ကို ပစ်ခတ်လိုက်သည်။

သေနတ်ဖြင့် ပစ်ခံရသည့် ဦးညီလာ၏ ပေါင်တွင် ကျည်ဆံရှိနေသဖြင့် မူဆယ်ပြည်သူ့ ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေကြောင်း သိရသည်။

” မြန်မာတပ်မတော်ရဲ့ စစ်သားတွေ ကားနောက်ကို လိုက်လာတာ ကျတော်တို့ မသိဘူး၊ သေနတ်ပစ်သံ နှစ်ချက်ကြားမှ ကားနောက်ကြည့်မှန်ကနေ ကြည့်တော့ ဆိုင်ကယ်လိုက်တာတွေ့လို့ ကျတော်တို့ ကားကို ရပ်လိုက်တယ်၊ ချက်ချင်းဘဲ ကားတံခါးလာဖွင့်ပြီး ကားဆရာရဲ့ ပေါင်ကို ပစ်လိုက်တယ်၊ ကျတော့်ကိုလည်း ကားပေါ်ကနေ ဆွဲချပြီးတော့ သေနတ်နဲ့ ခြိမ်းခြောက်လိုက်သေးတယ်” ဟု ကားနောက်လိုက်သူတစ်ဦးမှ ပြောသည်။

မူဆယ်ရဲဌာနမှ ပြည်သူ့ဆေးရုံတွင် လာရောက်စစ်ဆေးမေးမြန်းသော်လည်း တစ်စုံတစ်ရာ ကူညီပေးခြင်း ထောက်ပံပေးခြင်း မရှိဘဲ အချက်အလက်များကိုသာ မေးမြန်းသွားသည်။

နမ့်ဟွယ်ဒေသခံ တစ်ဦးပြောပြချက်အရ “မနက်အစောကြီး သေနတ်ပတ်ခံရလို့ နမ့်တောင်းရွာမှာ လာခေါ်ဖို့ သူက ကျတော့်ဆီ ဖုန်းဆက်တယ်၊ မိုးမလင်းသေးတော့ ကျတော်လဲ ချက်ချင်းသွားမခေါ်ရဲဘူး၊ နမ့်တောင်းက ဆေးခန်းလဲ မဖွင့်သေးတော့ အဲမှာရှိတဲ့ အသိတစ်ယောက်ရဲ့ ကားကို ယူပြီး ပန်ဆိုင်း (ကြူကုတ်)မြို့က ပြည်သူ့ဆေးရုံမှာ သွားပြတယ်၊ ဓါတ်မှန်ရိုက်ရမယ်ပြောလို့ လွှဲစာယူပြီးတော့ ပြန်လာတဲ့အချိန်မှ ကျတော်က မူဆယ်ဆေးရုံလိုက်ပို့ပေးတယ်”ဟု ပြောသည်။

ထို့အပြင် မြန်မာ့တပ်မတော် တပ်မ (၉၉) သည်လည်း လွန်ခဲ့သော ၂၀၂၀ နိုဝင်ဘာလ ကတည်းက အောက်နမ့်ဟွယ် ကျေးရွာအနီးတွင် စောင့်နေပြီး မီးသွေးတင်ကားများနှင့် အခြားသော ကုန်တင်ကား သမားများထံတွင် ပိုက်ဆံကောက်ခံလျှက်ရှိနေကြောင်း ကားသမားများထံမှ သိရသည်။

Share.