ဇန်နဝါရီ ၂၄ နေ့တုန်းက ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပိန်းအုပ်စု ခိုမုန်းကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို KIO/KIA တပ်ရင်း(၉) တပ်ခွဲ(၄)မှ တပ်သားနှစ်ဦးက အဓမ္မပြုကျင့် ခဲ့တယ်လို့ ကာယကံရှင်ထံ သိရပါတယ်။
ဖြစ်စဉ်မှာ ၎င်းညီအစ်မနှစ်ဦးက နမ့်ခမ်းမြို့နယ် မန်လုံကျေးရွာဇာတိဖြစ်ပြီး အမျိုးတော်စပ်သူတစ်ဦးထံမှ အချိတ်အဆက်ရပြီး ကြံခုတ်ရန် ကွတ်ခိုင်ကို ပြောင်းလာတာဖြစ်ပါတယ်၊ ကြံခုတ်နေတဲ့ ခြံထဲမှာ KIA စစ်ယူနီဖောင်းအပြည့်အစုံနဲ့ စစ်သားနှစ်ဦး ရောက်လာပြီး ခြံထဲရှိ အလုပ်သမားတစ်ဦးကို ခေါ်ပြီး ယာမဆေးပြား ဝယ်ရန် ခိုမုန်းဈေးသို့ အတင်းအဓမ္မလိုက်ခိုင်းခဲ့ပါတယ်။
၎င်းတို့ နှစ်ဦး ယာမဆေးပြား သုံးစွဲပြီးနောက် ညနေပိုင်း ၆ နာရီဝန်းကျင်မှာပဲ ခြံမှာ ရှိနေတဲ့ အမျိုးသမီးငယ် ညီအစ်မ နှစ်ဦးကို ခေါ်ဆောင်သွားခဲ့ပြီး လမ်းတစ်ဝက်မှာ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အစ်မအရင်းဖြစ်သူက “ ညနေစောင်းချိန်မှာ စစ်သားက ခါးကြားမှာပါတဲ့ ကြိုးထုတ်ပြီး အထက်ကအမိန့်ကျလို့ နင်တို့နှစ်ယောက်ကို ဖမ်းခိုင်းတာတဲ့၊ သမီးတို့ အဖွားလက်ကို ဆွဲခေါ်သွားတာ ခြံအကျော်ရောက်တော့ အဖွားလိုက်စရာမလိုဘူး နင်တို့နှစ်ယောက်ပဲ ဖမ်းခိုင်းတာဆိုပြီး ပြောတယ်၊ လမ်းတစ်ဝက်ရောက်တော့ တစ်ယောက်တစ်နေရာဆီ ခွဲနေခိုင်းလိုက်တာ နာရီဝက်လောက် ကြာပြီး ပြန်တွေ့တဲ့အချိန်တော့ ညီမက ဟိုစစ်သားက ညီမကို အဓမ္မပြုကျင့်တယ်လို့ ပြောပြတာ” ဟု ပြောပါတယ်။
အစ်မဖြစ်သူကိုယ်တိုင်လဲ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပြီး သူမကတော့ နည်းအမျိုးမျိုးဖြင့် စစ်သားကို ချော့မော့ပြီး တောင်းပန်ခဲ့လို့ အဓမ္မပြုကျင့်တာ မခံခဲ့ရဘူးလို့ သူက ဆက်ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ခြံပိုင်ရှင်ပြောပြချက်အရ “ အဲ့နေ့တုန်းက အလုပ်နားရက်ဖြစ်တဲ့အတွက်ကြောင့် ရွာပြန်သွားတာ၊ ပြန်သွားတဲ့အချိန်မှာပဲ စစ်သားက ခြံထဲမှာ အဲ့လိုဝင်မွှေသွားတာ၊ သူတို့နှစ်ယောက်က ဖုန်းတော့ ပါသွားတယ် စက်ပိတ်ထားတော့ ဘယ်လိုမှခေါ်မရဘူး၊ လူခွဲပြီး နောက်ကနေလိုက်ရှာလဲ မတွေ့ဘူး သူတို့နှစ်ယောက်က ဖုန်းပြန်ခေါ်လာတဲ့အချိန်တော့ လမ်းမကြီးပေါ်ပြန်ရောက်လာပြီ ဒါပေမယ့် အဲ့လိုပဲ ဖြစ်သွားတာ” လို့ ပြောပြပါတယ်။
မနေ့က ၂၇ ရက်နေ့မှာတော့ ကျူးလွန်ခံရသူ အမျိုးသမီးငယ်ရဲ့မိဘတွေက KIA တာဝန်ရှိသူတွေနဲ့ ကျူးလွန်သူကာယကံရှင် စစ်သားနှစ်ဦးအပါအဝင် TNLA ဘက်က တာဝန်ရှိသူတစ်ချို့တွေကို ခြံမှာတွေ့ဆုံပြီး အမှုကို ဆွေးနွေးကာ တောင်းပန်ပြီး ငွေကြေး ၁၅ သိန်းနဲ့ အမှုကိုဖြေရှင်းပေးခဲ့တယ်လို့ ခြံပိုင်ရှင်က ဆက်ပြောပါတယ်။
“KIA ဘက်ကတော့ ဒီလိုမျိုးကိစ္စဖြစ်သွားတာကို ဝန်ခံတယ်၊ သူတို့ဘက်ကလဲ ဒီတပ်သားနှစ်ယောက်ကို လောလောဆယ်တော့ ချုပ်ထားတယ်၊ လျော်ကြေးကို ၁၅ သိန်းနဲ့ ပေးခဲ့တယ် နောက်ပြီးတော့ ကလေးနဲ့ သူတို့မိဘတွေကို တအာင်းရိုးရာဓလေ့အတိုင်း တောင်းပန်ခိုင်းတယ်၊ တပ်သားနှစ်ဦးကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးမယ်လို့ ပြောသွားတယ်” ပြောပါတယ်။
ထိုတပ်သားနှစ်ဦးကို အပြစ်ပေးအရေးယူမယ်လို့ ပြောခဲ့ပေမယ့် အများပြည်သူရှေ့မှာ ပွင့်လင်းမြင်သာမှုရှိတဲ့ အပြစ်ပေးအရေးယူမှုကို ဘယ်လိုပုံစံချပြပေးမယ်လို့ မသိရသေးပါဘူး။