ကျောက်မဲမြို့နယ် ဒေသခံအမျိုးသမီး( ၂) ဦး လူသားမဆန်စွာ အသတ်ခံရသည့်အပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

၁။ ၂၀၂၀ခုနှစ် မေလ (၁၈)ရက်နေ့တွင် ကျောက်မဲမြို့နယ် ချောင်းချောက်အုပ်စု ဖလိန်းကျေးရွာနေ အမျိုးသမီး (၂) ဦး ဖြစ်သည့် ယာအေးယိန်း (အသက် – ၆၀ နှစ်) နှင့် ယာအေးထွေး (အသက် – ၅၀ နှစ်) တို့အား အမည်မသိ လူသတ်သမားက လက်ဖက်ခြံတဲအတွင်း လူသားမဆန်စွာ သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့သည်။


၂။ ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိပြည်သူလူထုသည် လက်နက်ကိုင်အဖွဲ့အစည်းများသာမက အခြား အမည်မသိ လူသတ်သမားများ၏ မကြာခဏသတ်ဖြတ်ခြင်းကို ခံနေရသည်။ ထိုသို့ဖြစ်ပွား လျက်ရှိသော လူသားမဆန်စွာ သတ်ဖြတ်ခြင်းအပေါ် မိမိတို့တအာင်းအရပ်ဖက်အဖွဲ့အစည်းမှ လွန်စွာစိတ်မကောင်းဖြစ်မိ ပါသည်။


၃။ ၂၀၂၀ ခုနှစ်အတွင်း ယခုဖြစ်စဉ်အပါအဝင် ရှမ်းပြည်မြောက်ပိုင်းတွင် စုစုပေါင်းဒေသခံ (၁၂)ဦး အသတ်ခံခဲ့ရသော်လည်း တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ အမှန်တရား ပျောက်ဆုံးနေခြင်းသည် ဒေသခံများ၏ ဘဝလုံခြုံရေးကို ပိုမိုခြိမ်းခြောက်နေပြီး ဤကဲ့သို့ မကြာခဏ သတ်ဖြတ်ခံရသော်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ တရားခံများအား ဖမ်းဆီးနိုင်ခြင်း၊ အမှုမှန် ဖော်ထုတ်နိုင်ခြင်း၊ ထိရောက်သော အပြစ်ပေးအရေးယူဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ပြည်သူလူထု၏ ယုံကြည်အားကိုးမှု သိသာစွာ လျော့ကျစေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည်ကို မီးမောင်းထိုးပြနေသည်။


၄။ သို့ဖြစ်ပါ၍ အသတ်ခံရသည့် အမျိုးသမီး (၂) ဦး၏ ကျန်ရစ်သူမိသားစုများအတွက် အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိစေရန် သက်ဆိုင်ရာ အာဏာပိုင်များမှ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးပြီး နောက်နောင် ဤကဲ့သို့သော ကျူးလွန်မှုမျိုး ထပ်မံမပေါ်ပေါက်စေရေးအတွက် ထိရောက်သည့် အပြစ်ပေး အရေးယူမှု ဆောင်ရွက်ပေးပါရန် မိမိတို့တအာင်းအရပ်ဖက်အဖွဲ့အစည်းမှ သဘောထားထုတ်ပြန် အပ်ပါသည်]


တအာင်းအရပ်ဖက်အဖွဲ့အစည်းများ
ဆက်သွယ်ရန်
၀၉-၂၅၇ ၇၂၆ ၇၁၃
၀၉- ၂၅၈ ၃၈၅ ၇၂၈
၀၉- ၇၉၁ ၅၃၀ ၄၅၁