မူဆယ်-နမ့်ခမ်းလမ်းမကြီးပေါ်ရှိ KIA စစ်ဆေးရေးဂိတ်တွင်အရပ်သားတစ်ဦးကိုသေနတ်ဖြင့်ပစ်ခတ်ရာမှဒဏ်ရာရ

ှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းကြား လမ်းမကြီးပေါ်ရှိ ကချင်တပ်-KIA စစ်ဆေးရေးဂိတ်တွင် ဒေသခံအမျိုးသားတစ်ဦးကိုKIA တပ်သားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦး၏ ‌ပြောပြချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ၁၈ ရက် ဩဂုတ်လ ၂၀၂၆ ခုနှစ် ၁၀ နာရီဝန်းကျင်၌ မူဆယ်မြို့နယ် နောင်လောင်းကျေးရွာနှင့် နမ့်လှိုင်းကျေးရွာအကြားရှိ၎င်းတို့ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေချိန် ကားတစ်စီး မရပ်တန့်‌ပေးခြင်းကြောင့် ပစ်ခတ်ရာမှ သဲတင်ကား မောင်းနှင်လာသည့် နမ့်စန့်ကျေးရွာခံ စိုင်းအိုက်လှိုင်းစိုင်ကို ထိသွားခဲ့ခြင်းဖြစ်ပါသည်။

ဒေသခံ အမျိုးသားတစ်ဦးမှ “စစ်ဆေးရေးဂိတ်မှာ စစ်ဆေးချိန် ကားတစ်စီးက မရပ်ပေးတော့ အဲဒီတပ်သားက ပစ်လိုက်တာဖြစ်တယ်။ ပစ်လိုက်တဲ့ကားကို မထိဘဲ တက်လာတဲ့ သဲတင်ကားမောင်းသူကို ထိသွားတာဖြစ်တယ်။ ပစ်ခတ်တဲ့ တပ်သားကိုလည်း KIA ကိုယ်တိုင်က ဖမ်းထားပြီးသားဖြစ်တယ်။ ဘယ်လိုအရေးယူမလဲဆိုတာတော့ ပြောပြတာမရှိဘူး။ နောက်ပြီး အဲဒီတပ်သားကို ဒေသခံတွေက ရိုက်နှက်တာ လုံးဝမရှိခဲ့ဘူး။ ဒေသခံက တပ်စခန်းကို မီးရှို့တာတော့ဟုတ်တယ်။

KIA ဖက်ကတော့ ပစ်ခံရတဲ့သူကို လျော်ကြေးပေးမယ်လို့တော့ ပြောတယ်။ ပြီးတော့ တပ်စခန်းကို ဖယ်ရှားပေးမယ်လို့လည်းပြောပါတယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

မူဆယ်- နမ့်ခမ်း လမ်းပိုင်းတလျှောက်တွင် KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်းမှ အဓိကလှုပ်ရှားပြီး နမ့်လောင်းကျေးရွာနှင့်နမ့်လိုင်ကျေးရွာတွင် တပ်စွဲထားသည့် တပ်စခန်းသည် တပ်ရင်း ၉ ဖြစ်ကြောင်းလည်း သိရပါသည်။

ကာယကံရှင်၏ ဖခင်မှ “ပစ်ခံရပြီးတော့ အဲမှာက မူဆယ်ကနေ ဆင်းလာတဲ့ ဘုန်းကြီးကားတစ်စီးက ချက်ချင်း မူဆယ်ဖက်တင်သွားတယ်။ လမ်းတစ်ဝက်မှာ သူ့အစ်ကိုရောက်လာတော့ ကားပြောင်းပြီး ရွှေလီဖက်ဝင်ဖို့လုပ်တော့ လဝက, က ခွင့်မပြုတော့ မူဆယ်ဗဟိုဆေးရုံကိုသွားတယ်။ ဗဟိုဆေးရုံက ပြည်သူ့ဆေးရုံထောက်ခံစာလိုတယ်ဆိုပြီး လက်မခံခဲ့ဘူး။ လက်မှတ်ယူပြန်တော့လည်း ခွဲစိပ်ဖို့ပစ္စည်း မစုံဘူးဆိုတော့ ချယ်ရီမြေကိုယ်ပိုင်ဆေးရုံကိုပို့ခဲ့တယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

လက်ရှိတွင် ပစ်ခတ်ခံရသူ စိုင်းအိုက်လှိုင်းစိုင်သည် ဘယ်ဖက်ပခုံးအောက်တွင် သေနတ်ကျည်စံနှစ်ထောင့်ဝင်ပြီး အကြောတွေပါထိခိုက်သောကြောင့် လက်မလှုပ်ရှားနိုင်သေးသည့်အပြင် ညာဖက်ဝမ်းဗိုက်တွင်လည်း ဒဏ်ရာရရှိကာ မူဆယ်မြို့ ချယ်ရီမြေဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရပါသည်။

ထို့အပြင် KIA ဖက်မှ နစ်နာသူကို နစ်နာကြေးပေးမည်ဟုဆိုသော်ငြားလည်း လက်ရှိချိန်ထိ မည်သည့် ထောက်ပံ့ကြေးမှ မရှိသေးကြောင်းလည်း ထပ်မံသိရပါသည်။