တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် – TCSN ၏ ပထမအကြိမ်ညီလာခံ ထုတ်ပြန်ချက်

စာအမှတ်/၀၄

ရက်စွဲ။ ။ ၁၀ရက်၊ ဩဂုတ်လ၊ ၂၀၂၆ခုနှစ်

၁။  ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၄ရက် မှ ၆ ရက်ထိ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် – TCSN ၏ ပထမအကြိမ် ညီလာခံတွင် တအာင်းအရပ်ဘက်အဖွဲ့အစည်း (၆) ဖွဲ့မှ ကိုယ်စားလှယ်စုစုပေါင်း (၆၄) ဦး၊ လေ့လာသူ (၆) ဦး စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပြီး တအာင်းဒေသတနေရာ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

၂။ ညီလာခံတွင် လက်ရှိတအာင်းနိုင်ငံရေးအခင်းအကျင်း၊ နွေဦးတော်လှန်ရေးအခြေအနေကို ဆွေးနွေးသုံးသပ်သည့် အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားချင်းစာနာထောက်ထားမှုများ၊ လူမှုရေး၊ သဘာဝအရင်းအမြစ် ထုတ်ယူမှုအခြေအနေ၊ အမျိုးသမီးနှင့် လူငယ်ကဏ္ဍများကိုလည်း သုံးသပ်ခဲ့ပါသည်။ ထို့အပြင်TCSN၏ ရှေ့လုပ်ငန်းစဉ် များကို ချမှတ်နိုင်ခဲ့ပြီး ထိုလုပ်ငန်းစဉ်များကို ဦးဆောင်အကောင်အထည် ဖော်နိုင်ရန် အဖွဲ့အစည်း (၆) ဖွဲ့မှစေလွှတ် သော ကိုယ်စားလှယ်များထဲမှတာဝန်ခံ(၃)ဦးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြောက်နိုင်ခဲ့သည်။  

၃။ညီလာခံတွင် အာဏာသိမ်း မင်းအောင်လှိုင်ဖိတ်ခေါ်သောရက်(၁၀၀)ငြိမ်းချမ်းရေးသည် ၎င်း၏အာဏာတည်မြဲရေး အတွက် ဟန်ပြငြိမ်းချမ်းရေးသာဖြစ်ပြီး PSLF/TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများမှ အထူးသတိချပ်ရန် လိုအပ်ပြီး  ပူးပေါင်းဆောင်ရွက်မှု မပြုသင့်ကြောင်း  ဆွေးနွေးသုံးသပ်ပါသည်။ 

၄။ထို့အပြင် တအာင်းဒေသတွင်း မြေရှားအပါအဝင် သဘာဝအရင်းအမြစ်များ အလွန်အကျွံထုတ်ယူခြင်း၊ လူ့အခွင့် အရေးချိုးဖောက်မှုရှိပြီး တာဝန်ယူမှု/တာဝန်ခံမှုအားနည်းခြင်းကြောင့် ပြည်သူလူထု၏ လူနေမှုဘဝ အခြေအနေ ပိုမို ကြပ်တည်းခက်ခဲလာသည်ကို တွေ့မြင်ရပါသည်။

၅။သို့ဖြစ်ပါသောကြောင့် TCSN သည် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ ကို အကောင်အထည်ဖော်နေသည့်မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ကာ မိမိ TCSN ၏ အန္တိမရည်မှန်းချက်အပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး  မည်သည့် အာဏာရှင် စနစ်မဆို ကျဆုံးသည်အထိ တစိုက်မတ်မတ် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ 

တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်

https://taangwomen.org/burmese/wp-content/uploads/2026/08/TCSNs-1st-Congress-Statement.pdf