မိုးမိတ်တွင်လေကြောင်းဗုံးကြဲမှုကြောင့်သံဃာတော်၁ပါးနှင့်အမျိုးသမီး၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့

ရှမ်းမြောက် မိုးမိတ်မြို့နယ် အနီးတစ်ဝိုက်ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများမှတစ်ဆင့် စုံစမ်းသိရှိရပါသည်။

ပြီးခဲ့သည့် ၁၁ ရက်နေ့မှစပြီး အကြမ်းဖက်စစ်ကောင်စီသည် မိုးမိတ်မြို့နယ်  ညောင်နီကျေးရွာ၊ မိုးဟောက်၊ ရွှေဇာလီ၊ သဲနီကျေးရွာဘက်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးများနှင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက TWO ကို ပြောပါသည်။

“ မိုးဟောက်ဘက်မှာ SSPP ရှမ်းတပ်တွေ နေတဲ့အိမ်တွေလိုက်ရှင်းနေတာတဲ့၊ သူတို့ရှင်းလင်းတဲ့အိမ်တွေကတော့ ပြည်သူအိမ်တွေပဲ၊ရှင်းလိုက်တဲ့အိမ်က ၁ ထပ်တိုက်အိမ်ဖြစ်တယ်၊ အိမ်ရှင်တွေက ရွှေတောဘက်မှာ အလုပ်သွားတာ၊ သူတို့သိရတာနဲ့ ပြန်လာတောင်းပန်တယ်တဲ့၊ တောင်းပန်လဲ သူတို့နားမထောင်ဘူး၊ တပ်ဘက်က ပြောတာ သူတို့ရှင်းမှရမယ်၊ သူတို့ရှင်းလင်းခဲ့တယ်ဆိုတာကို ပုံရိုက်ပြီးအထက်ကို တင်ပြရမယ်တဲ့၊ မိုးဟောက်မှာ ၂ အိမ် ဖျက်ဆီးခံရတယ်” ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်သည် နယ်မြေရှင်းလင်းရေး လုပ်ရမည်ဟု အကြောင်းပြကာ မိုးဟောက်ကျေးရွာတွင် အရပ်သားနေအိမ် ၂ နှင့်အုန်းကြောကျေးရွာရှိ တအာင်းနေအိမ် ၁ အိမ်ကို စက်ယန္တယားနဲ့ချိန်းစောစက်ဖြင့် လာရောက်ဖျက်ဆီးခဲ့သည်။

မနေ့ ၁၃ ရက်နေ့မှာ ရွှေဇာလီကျေးရွာ၏ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က ဒရုန်းလက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရပါသည်။

“အခုတောင် ပြောနေရင်းနဲ့ လေယာဉ်အသံကြားနေရတယ်၊ ဘယ်နားမှာ သွားပစ်တာလဲတော့ မကြားရသေးဘူး၊ ကျမတို့လဲ အပြင်သိပ်မထွက်ရဲသေးဘူး၊ ရွာကလူတွေလဲ လေယာဉ်လာရင်နီးစပ်ရာကို စုနေကြတာ၊ ခနတဖြုတ်ပဲဖြစ်တာဆိုတော့ ပစ်တာမျိုးမရှိရင်ကိုယ့်အိမ်ကိုယ်ပဲ ပြန်သွားအိပ်ကြတာ” ဟု မိုးမိတ်ဒေသခံ အမျိုးသမီးတစ်ဦးမှ ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သဲနီကျေးရွာမှ အမျိုးသမီး တစ်ဦး၏ တင်ပါးကို လက်နက်ကြီးထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ လာရောက်ခေါ်ဆောင်ခဲ့ပြီး မိုးမိတ်ဆေးရုံမှတစ်ဆင့် မိုးကုတ်ဆေးရုံကို ပို့ဆောင်ပေးခဲ့သည်ဟု ဒေသခံများမှ ပြောကြားသည်။

ထို့အပြင် ၁၁ ရက်နေ့ ညောင်နီကျေးရွာတွင် လေကြောင်းဗုံးကြဲခဲ့သောကြောင့်  ကျေးရွာ ဦးဇင်းတစ်ပါးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ၎င်းမှ ဆက်ပြောသည်။

ပုံ – TWO 

#မိုးမိတ်မြို့

#ညောင်နီရွာ

#သဲနီရွာ

#မိုးဟောက်ရွာ

#လေကြောင်းဗုံးကြဲ

#လက်နက်ကြီးပစ်ခတ်ခြင်း

#စကစ See less