မိုးကုတ်မြို့နယ် ကြက်ခြံတွင် စကစမှ လေကြောင်းဗုံးကြဲခဲ့ 

၁၉ ရက် အောက်တိုဘာလ 

တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ကျောက်ဖားကျေးရွာအုပ်စု ရေအေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ယနေ့ နေ့လယ်ပိုင်း ၁ နာရီ ၅၀ မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မိုးကုတ်အနောက်ပိုင်း ရေအေးကျေးရွာရှိ ကြက်ခြံတစ်ခြံတွင် ပေါင် ၂၅၀ ဗုံး ၂ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုမရှိပဲ နေအိမ်နှင့် ကြက်ခြံ ထိခိုက်ပျက်စီးဆုံးရှုံးမှု အသေးစိပ်ကို မသိရှိရသေးပေ။

ယနေ့တစ်ရက်တည်းတွင် နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့ နှင့် မိုးကုတ်(အနောက်ပိုင်း) တွင် အကြမ်းဖက်စစ်ကောင်စီမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ စုံစမ်းရရှိသည့်အချက်အလက်အရ ဘုန်းကြီးကျောင်း၊ မီးသတ်ကားများ၊ အိမ်စီးကား၊ လက်ဖက်စက်ရုံများ နှင့် နေအိမ်များ ၁၀ အိမ်အထက် ထိခိုက်ဆုံးရှုံးခဲ့ရပြီး မန်တုံဒေသခံ အမျိုးသမီး ၁ ဦး အနည်းငယ် ထိခိုက်ကာ နမ့်ဆန် ဒေသခံအမျိုးသား ၂ ဦးသည်လည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။