မိုးကုတ်မြို့ကို စကစ ထပ်မံဗုံးကြဲ၊ ဒေသခံ ၁ ဦး ဒဏ်ရာရရှိ
၂၆ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ်
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်း မြို့မအုပ်စု စည်ပင်သာယာရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။
မနေ့ည ၂၅ ရက် ည ၁၁ နာရီအချိန်တွင် စည်ပင်သာယာရပ်ကွက်ရှိ ဆင်တောင်ကျောင်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ နေအိမ် ၂၃ အိမ်နှင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
မိုးကုတ်ဒေသခံ အမျိုးသား တစ်ဦးမှ” ပြည်သူ အိမ်တွေ ပျက်စီးတာများတယ်၊ အမျိုးသား တစ်ယောက်ဒဏ်ရာရတယ်၊ သူ့ပေါင်နဲ့ ခေါင်းမှာ ထိတာဒဏ်ရာ မစိုးရိမ်ရပါဘူး” ဟုပြောပါသည်။

အဆိုပါဗုံးထိခိုက်သည့် အမျိုးသားသည် စည်ပင်သာယာရပ်ကွက်တွင် နေထိုင်သည့် ၅၇ နှစ်အရွယ် ဦးမောင်ညို ဖြစ်ပါသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင်လည်း မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးကုတ်မြို့ အတွင်းတွင် မကြာခဏ ဗုံးကြဲခြင်းကြောင့် အခြားဒေသသို့ စစ်ရှောင်နေကြသည့် ဒေသခံအချို့လည်း ရှိနေသည်ဟု သိရသည်။
ပုံ – ဒေသခံ