စကစမှ ကျောက်မဲမြို့ကို လေကြောင်းဖြင့် ထပ်မံဗုံးကြဲ 

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို ညသန်းခေါင်ယံအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ထပ်မံဗုံးကြဲခဲ့သည်ဟု သတင်းရရှိသည်။ 

ကျောက်မဲမြို့ ၇ ရပ်ကွက် (ခေါ်) မြောက်ကုန်းရပ်ရှိ ဆောက်လုပ်ရေးရုံးတွင်  အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၉ ကြိမ်မြောက် ထပ်မံဗုံးကြဲခဲ့ပြီး အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ကျောက်မဲမြို့ ဒေသခံအမျိုးသားတစ်ဦးမှ “ မနေ့ညတုန်းက ည ၁၂ နာရီအချိန်လောက် ပြန်လာပစ်တာ ဟုတ်တယ်၊ လူထုတွေထိခိုက်မှုရှိတယ်၊ လူ ၁ ယောက်ထပ်သေတယ်၊ ၂ ယောက်လဲထိတယ်၊ ၂ ယောက်ပေါ့၊ ညအချိန်ဆိုတော့ သွားမကြည့်ရသေးဘူး” ဟု ပြောသည်။ 

လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၄၉ နှစ်အရွယ် ဒေါ်မိုးဆုနှောင်းသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မောင်ဖြိုးသန်းဇော်သည် မျက်နှာ၊ လက်နဲ့ ခြေထောက်တွင် ထိမှန်ဒဏ်ရာရပြီး အသက် ၁၇ နှစ်အရွယ် မောင်စော်ထွန်းလင်းသည် ခြေထောက်နဲ့ လက်တွင် အပြင်းအထန်ဒဏ်ရာရရှိသောကြောင့် အခြားမြို့နယ် ဆေးရုံတစ်ခုတွင် ပို့ဆောင်ထားသည်ဟု ထိုဒေသခံအမျိုးသားမှ ထပ်မံပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ညနေပိုင်း ၅ နာရီခန့်တွင် ရပ်ကွက် မြို့လယ်ဗလီကျောင်းအနီး နှင့် ရပ်ကွက် ၄ရှိ စံပြထမင်းဆိုင်တွင် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဗလီကျောင်း၊ ဆရာလေးစာသင်ကျောင်းဆောင်အပါအဝင် အရပ်သားနေအိမ် ၂၄ အိမ် ထိခိုက်ပျက်စီးခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ ၂၀၂၄ ခုနှစ်တွင် ရပ်ကွက် ၈ အင်ကြင်းတောင်ရပ်ကွက် ၁ ကြိမ်၊ ၂၀၂၅ ခုနှစ်တွင် ဇန်နဝါရီလ ၃ ကြိမ်၊ မတ်လ ၁ ကြိမ်၊ မေလ ၂ ကြိမ် ယခုဇွန်လ ၂ ကြိမ် စုစုပေါင်း ၉ ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပုံ – ဒေသခံ/ PSLF/TNLA page