ကျောက်မဲ ပန်ကွမ်ရွာကို အကြမ်းဖက်စစ်ကောင်စီ ဗုံးကြဲ
၄ ရက် စက်တင်ဘာလ ၂၀၂၅ ခုနှစ်
ယနေ့ ၄ ရက် နံနက်ပိုင်း ၁၀ နာရီ ၄၆ မိနစ်အချိန်တွင် ကျောက်မဲမြို့နယ် ပန်ကွမ်ရွာမကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး၂လုံး ကြဲခဲ့သည်ဟု ဒေသခံထံ သိရသည်။
ဒေသခံ အမျိုးသားတစ်ဦး ပြောပြသည်မှာ “ စေတီကုန်းမှာ သွားထိတာဗျ၊ စေတီရဲ့အနောက်ဘက်မှာကျတော့ ဘုန်းကြီးကျောင်းတော့ ရှိတယ်၊ ဘုန်းကြီးကျောင်းကိုတော့ ဗုံးအစ သွားထိမှန်တာ ရှိတယ်၊ အမှန်မှာ ဘုန်းကြီးကျောင်းကို ပစ်ချင်တာနေမှာ၊ အရှေ့မှာ စေတီရှိနေတာ့ ကွယ်သွားသလိုမျိုး ဖြစ်တယ်၊ စေတီက ၄ ခုလောက် ရှိတယ် စေတီတော့ ပျက်သွားတယ်၊ တစ်ဖက်က အုတ်တံတိုင်းရဲ့ ဒီဘက်လာကျတာ တစ်လုံး၊ နောက်တစ်လုံးကျတော့ ညာဘက်ခြမ်းမှာကျတာ၊ ဗုံးက ခန့်မှန်းချေပြောရရင် ပေါင် ၁၂၀ လောက်ရှိတယ် “ ဟု ပြောသည်။
ဗုံးကြဲမှုကြောင့် ပန်ကွမ်ရွာမ၏ စေတီ ၄ ဆူ နှင့် ဘုန်းကြီးကျောင်းကို ဗုံးကျည်အစအန ထိမှန်ပြီး ပြတင်းပေါက်၊ တံခါးမှန်များ ပျက်စီးခဲ့ပြီး အရပ်သား နှင့် နေအိမ် ထိခိုက်မှု မရှိပါဟု ဖြစ်စဉ်သိရှိသူ အမျိုးသားက ထပ်မံပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယခုလပိုင်းတွင် ကျေးလက်ဒေသရှိ ဘုန်းကြီးကျောင်းများကို ဦးတည်ပြီး လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ဗုံးကြဲလာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်(ခွဲ) ကွမ်းစလန်းကျေးရွာ ဘုန်းကြီးကျောင်း နှင့် ၂၉ ရက်နေ့ညတွင် မိုင်းလုံမြို့နယ်(ခွဲ) နမ့်ခုံးအုပ်စု ပန်သပြေကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းဗုံးကြဲခဲ့သောကြောင့် သာမဏေ ၁ ပါး၊ မယ်သီရှင် ၁ ပါး နှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၈ ဦး နှင့် ရဟန်းသံဃာတော် ၅ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ မယ်သီလရှင်ကျောင်း၊ ဇရပ် အပြင် နေအိမ် ၁၄ အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု TWO မှ အချက်အလက်ရရှိထားသည်။
ပုံ – ဒေသခံပေးပို့သည်။