သီပေါမြို့ ဘော်ကြိုကျေးရွာတွင် လေကြောင်းဗုံးကြဲခံရ၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရ 

၃ ရက် စက်တင်ဘာလ ၂၀၂၅ ခုနှစ် 

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ယနေ့ နေ့လယ်ပိုင်း ၁ နာရီ မိနစ် ၄၀ ခန့်တွင် သီပေါမြို့အနီး ဘော်ကြိုကျေးရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြမ်းဖက်စကစမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၄၅ နှစ်အရွယ် ဦးမြင့်ဇော်၏ ညာဝမ်းဗိုက်တွင် ကျည်အစထိမှန် ဒဏ်ရာရရှိခဲ့ပြီး အရပ်သားနေအိမ် ၂ အိမ် ထိခိုက် ပျက်စီးခဲ့သည်ဟု ဖြစ်စဉ်သိရှိသည့် အမျိုးသားတစ်ဦးထံ သိရှိရသည်။

“ HRVs တော့ ဘော်ကြို ရွာသား တစ်ယောက်ထိတယ်၊ ယောကျာ်လေးပေါ့၊ သေဆုံးတာတော့ မရှိဘူး၊ အိမ်တွေတော့ ထိတယ်၊ လုံးဝပျက်စီးသွားတယ် “ ဟု ပြောသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင် သီပေါမြို့ တောင်မြို့ရပ်ကွက် နှင့် အနောက်တောင်ရပ်ကွင်တွင် ဗုံးကြဲခဲ့သောကြောင့် အမျိုးသား ၁ ဦးသည် ခြေထောက်တွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၂ ဦး သည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

၂၉ ရက်နေ့ ညပိုင်းတွင် မိုင်းလုံမြို့နယ်(ခွဲ)​ နမ့်ခုံးအုပ်စု၊ ပန်သပြေကျေးရွာ ဘုန်းကြီးကျောင်း ပရဝုဏ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းဗုံး နှင့် လေကြောင်းဗုံးကြဲခြင်းကြောင့် မယ်သီလရှင် ၁ ပါး နှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ဦးပဇင်း ၂ ပါး၊ သာမဏေ ၃ ပါး၊ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ပုံ – ဒေသခံပေးပို့သည်။