ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ၊ ကိုရင် ၂ ပါး နှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ်အများအပြား ပျက်စီး
၂၅ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ်
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ယနေ့ ၂၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ကျောက်မဲမြို့နယ် မန်ကျောင်းကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပိန္နဲကုန်းကျေးရွာရှိ ဝါဆိုဘုန်းကြီးကျောင်း ပရဝုဏ် အချို့ ပျက်စီးခဲ့ပြီး အရှင်သာမဏေ ၂ ပါး နှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မှတ်တမ်းရရှိပါသည်။

ဖြစ်စဉ်သိရှိသူ ကျောက်မဲရောက်နေသည့် အမျိုးသားတစ်ဦးက “ မနက်က ဗုံးကျတာက ပေါင် ၅၀၀ ၂ လုံးကျတယ် ၁ လုံးက ဘုန်းကြီးကျောင်းရဲ့ ခြံစည်းရိုးရဲ့ အဝန်းဘေး ပတ်လယ်မှာ ကျတယ်၊ နောက်တစ်လုံးက အဲဒီခြံစည်းရိုးအနားမှာပဲ ဒါပေမဲ့ သူက လူနေအိမ်ရှိတဲ့ဘက်မှာ ကျသွားတာ၊ အဲကြောင့် နေအိမ်အများကြီးထိတယ်” ဟု TWO ကို ပြောသည်။၊
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် အရှင်ကုသလသည် ညာဘက်လက်နှင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း၊ ၁၅ နှစ် အရှင်က္ကဿရဏေသည် ညာဘက်လက်ဒဏ်ရာရရှိခဲ့သည့်အပြင် ၄၄ နှစ် ဦးရဲမြတ်ထွန်းသည် ညာဘက်လက်တွင် ဗုံးကျည်အစအန ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ပြည်သူ နေအိမ် ၂၃ အိမ် ပျက်စီးခဲ့ပြီး ပိန္နဲကုန်းကျေးရွာ၏ အမက စာသင်ကျောင်းဆောင် နဲ့ ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံ၊ ဆွမ်းစားဆောင် တို့ ထိခိုက်ပျက်စီးခဲ့သည်။

ယမန်နေ့ ၂၃ ရက်နေ့တွင် မိုင်းငေါ့မြို့နယ်(ခွဲ) ကွမ်းစလန်းကျေးရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် ၃ ပါး နှင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ၁၂ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးခဲ့သည့်အပြင် ဘုန်းကြီးကျောင်းဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက် နှင့် နေအိမ် ၁၀ ထိခိုက်ပျက်စီးခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီသည် လတ်တလောတွင် ဘုန်းကြီးကျောင်းဆောင် အဆောက်အဦးများကို ဦးတည်ကာ ဆက်တိုက်လေကြောင်း ဗုံးကြဲလျက်ရှိသည်ကို တွေ့ရှိရသည်။
ပုံ – ဒေသခံပေးပို့