သီတင်းကျွတ်လပြည့်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ သီပေါမြို့တွင်လည်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့
၆ ရက် အောက်တိုဘာလ ၂၀၂၅
ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ မနက် ၇ နာရီ ၅၀ မိနစ်အချိန်တွင် တအာင်းတပ်မတော် TNLA/PSLF ထိန်းချုပ်ထားသည့် သီပေါမြို့နယ် ဇာတ်စုရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ နှစ်အရွယ် ကလေး ၁ ဦး နှင့် ဒေသခံအမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ၁ ခု ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးထံ စုံစမ်းသိရှိရသည်။
“ပေါင် ၂၅၀ လောက် ၂ ခါ ကြဲသွားတယ်၊ ထွေအုပ်ရဲ့အရှေ့ဘက်မှာ ကျတာ၊ လူ ၃ ယောက်ထိသွားပါတယ်၊ ကလေးလေး တစ်ယောက်လဲပါပါတယ် ” ဟု TWO ကို ပြောသည်။
အသက် ၁ နှစ်အရွယ် မောင်ခန့်ညားတုန်သည် ခြေထောက်တွင် ထိခိုက်ပြီး ၂၆ နှစ် ဦးဝါလှိုင်သည် ဘယ်လက်၊ ခြေထောက်နှင့် ကျောကုန်းတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂၃ နှစ် ကိုသောနသည် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် ကျင်သီကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော် – TNLA/PSLF မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၄ ရက်နေ့တွင်လည်း မန်ဟဲကျေးရွာ၊ ၂၃ တပ်စခန်းဟောင်းအနီး နှင့် ကျောင်းစုကျေးရွာ ဘဏ္ဍာဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် အချို့ပျက်စီးခဲ့သည်။
ပုံ – ဒေသခံ
တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သတင်းအချက်အလက်များကို အောက်ပါ Website တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#မန်တုံ #နမ္မတူ #ဗုံးကြဲမှု #ထိခိုက်သေဆုံး #အကြမ်းဖက်စကမ #မအလ











