သိန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဗုံးကြဲမှုကြောင့် ကလေးအပါအဝင် (၂)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရ

ရှမ်း/မြောက်ပိုင်း ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်နေသော သိန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ထပ်မံဗုံးလာကြဲသည့်အတွက် ကလေးအပါအဝင် (၂)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ၂၈ရက်နေ့ မနက်၂နာရီခွဲအချိန်ခန့်တွင်  သိန္ဒီမြို့ ရပ်ကွက်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲရာမှာ အသက်(၃)နှစ်အရွယ်ကလေးငယ် တစ်ဦးနှင့် အသက်(၆၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး မိသားစုလိုက် (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

“အဲနေ့ ညတန်ခေါင်ချိန်မှာ သူတို့လာပစ်တာ ကျွန်မတို့အိမ်က နှစ်ထပ်တိုက်တော့ပြိုသွားတယ်၊ ကျွန်မတို့ အခုနေစရာလဲမရှိတော့ဘူး၊ ကျွန်မတို့ အိမ်ရှေ့မှာလာ ကျတယ်၊ ဘယ်နှစ်လုံးလာချလဲတောင် ကျွန်မလဲမသိဘူး ကျွန်မတို့ အိမ်မှာ လာကျပြီးတော့ အသံတော့ ကြားတယ်၊ ကျွန်မရဲ့ တူလေးနဲ့ အမေလဲ ဆုံးသွားတယ်၊ ကျွန်မတို့ အိမ်မှာက ၇ယောက်အိပ်တယ် ၊အကုန်လုံးခု ဆေးရုံမှာဘဲရှိသေးတယ်”လို့ ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသမီးတစ်ဦး က ပြောပြခဲ့သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသော  အသက်(၃၄)နှစ်အရွယ် အမျိုးသမီး(၁)ဦးနှာ ဦးခေါင်းတွင် (၃)ချက် ချုပ်ရခြင်း၊ အသက် (၃၂)အရွယ် မှာ အမျိုးသား (၁)ဦးမှာ လက်ကောက်ဝတ်တွင် ခွဲစိတ်ရခြင်း၊ နောက်ထပ်အသက်(၃၂)အရွယ် အမျိုးသမီး(၁)ဦးသည်လည်း ဦးခေါင်း(၇)ချက်ချုပ်ရပြီး ဘယ်ဘက်လက်လဲကျိုးသွားခြင်း၊ အသက်(၁၇)အရွယ် ယောက်ျားလေး (၁)ဦးမှာ ညာခြေဖမိုး၊ ဒုတိယခြေချောင်းအရိုးကျေမွပြီး ဘယ်ခြေထောက်လဲခွဲထားရခြင်းနှင့် အသက်(၁၅)နှစ် အရွယ်ယောကျ်ားလေး တစ်ဦးက ပုခုံး၊ ဘယ်ခြေထောက်ခြေချောင်း အဆစ်ပြုတ်ထွက်သွားခြင်း စသော ပြင်းထန်ဒဏ်ရာ အသီးသီးရရှိကာ ကွတ်ခိုင်မြို့တွင် ရှိသော ဇီဝက ပုဂ္ဂလိက ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

“ကျွန်မတို့ ပြန်ပြီးတော့ နလှန်ထူဖို့က မလွယ်ဘူးလေ၊ ကျွန်မတို့ ဆုံးရှုံးမှု ကအရမ်းများတယ်၊ အခု ကုန်ဈေးနှုန်း အတိုင်းဆိုရင် မိသားစုလိုက် ဆေးကုနေရတာ ကျမတို့အတွက် အရမ်းခက်ခဲတယ်”လို့ ၎င်းကထပ်မံပြော ကြားခဲ့သည်။

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားသော ရှမ်း/မြောက်ပိုင်း သိန္နီမြို့တွင် အကြမ်းဖက်စစ် ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၄)ကြိမ်ရှိပြီး  စာသင်ကျောင်းအပါအဝင် အဆောက်အဦး အများအပြား ပျက်စီးမှုရှိပြီး ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထား သည့်အတွက် ထိခိုက်သေဆုံးမှု အသေးစိတ်ကို တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဓါတ်ပုံ – ထိခိုက်ဒဏ်ရာရသူ ကာယကံရှင်

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#သိန္နီ #လေယာဉ်ဗုံးကြဲ # အမျိုးသမီးနှင့်ကလေး #သေဆုံး #ဒဏ်ရာရ #စကစ