ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲအတွင်း လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် ဒေသခံ (၆)ဦးသေဆုံး (၁၀) ဦးဒဏ်ရာရ ဆေးကုသမှုခံယူနေဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား မြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံ (၆) ဦးသေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူလျှက်ရှိနေသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း ကွင်းဆင်းကောက်ခံချက်အရ သိရှိရပါသည်။

ဇန်နဝါရီ (၂) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် ရပ်ကွက် (၈)နေထိုင်သည့် မောင်တင်မြတ်အောင်(ခ)သားငယ်နှင့် သူငယ်ချင်းဖြစ်သူ မောင်ရန်နိုင်ထွန်းတို့ကို ထိမှန်ပြီး သေဆုံးခဲ့ပါသည်။

သေဆုံးသူ မောင်တင်မြတ်အောင် မိခင်ဖြစ်သူ ဒေါ်အေးအမ် ပြောပြချက်အရ “ သားက ကျမတို့နဲ့ မထွက်ပြေးဘဲ သူ့သူငယ်ချင်းနဲ့ သွားနေတာ၊ ကျမတို့ချော့ခေါ်လဲမရဘူး၊ သူပြောတာ သားကကြီးပြီး သားရှောင်တတ်တယ် စိတ်မပူနဲ့ပြောပြီးတော့ နောက်တစ်ရက်မှာပဲ သူတို့နေရာကို လေယာဉ်နှင့် လက်နက်ကြီးလာပစ်သွားတာ၊ သားနဲ့ သူ့သူငယ်ချင်းကို ထိသွားတာပေါ့၊ တကယ်လို့ ဆေးရုံးချက်ချင်းသွားလိုက်ရတယ်ဆိုရင် သူမသေလောက်ဘူး၊ တိုက်ပွဲဖြစ်နေတော့ ဘယ်သူမှ သွားမကယ်ရဲကြဘူး၊ သူ့အလောင်းကို သဂြိုလ်တာကို ကျမတို့တောင် ပြန်မကြည့်ရဘူး၊ သူ့အစ်ကိုပဲ မီးသဂြိုလ်ပေးတာ” ဟု ပြောပါသည်။

တိုက်ပွဲကာလ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် မောင်တင်မြတ်အောင်၏ ရက်လည်အလှူကို ယနေ့ချိန်ထိ ပြုလုပ်ခွင့်မရသေးကြောင်းနှင့် လူစုလူဝေးပြုလုပ်ရန် ခက်ခဲကြောင်း မိခင်ဖြစ်သူမှ ဆက်လက်ပြောဆိုထားပါသည်။

နောက်ထပ် ရပ်ကွက် (၄)တွင် နေထိုင်သည့် အုတ်ရိုက်သမား သားအဖ (၂) ဦးကို ထိမှန်ပြီး အဖေဖြစ်သူ အသက်(၄၀)ကျော် ဦးလဗျက်က သေဆုံးခဲ့ပြီး သားဖြစ်သူက ခြေထောက် ဒူးအောက်ပိုင်းတွင် ဒဏ်ရာရရှိပြီး ကောင်ခါးဆေးရုံးတွင် ဆေးကုသမှု ခံယူနေခဲ့ပါသည်။

ရပ်ကွက် (၄) တွင် ဒေသခံအမျိုးသားတစ်ဦး ပြောပြချက်အရ “ ကျနော် ဦးလေးနဲ့ တူပေါ့၊ လက်နက်ကြီးကျလို့ ထိသွားတာ၊ ဦးလေးတော့ ပွဲချင်းပြီးသေတယ်၊ တူလေးကတော့ ကောင်းခါးဆေးရုံမှာ ဆေးကုနေတယ်၊ အဲ့နေ့က တိုက်ပွဲ ကြီးကျယ်ဖြစ်တဲ့နေပေါ့၊ ရက်တော့ သေချာမမှတ်မိတော့ဘူး” ဟုပြောပါသည်။

နောက်ထပ် ရပ်ကွက် (၅) တွင်နေထိုင်သည့် ရှမ်းအမျိုးသားဦးအိုက်ခင်ကို လက်နက်စ ထိမှန်သေဆုံးခဲ့ပြီး တိုက်ပွဲကာလအတွင်း နားမကြားသည့်အမျိုးသားတစ်ဦးက စစ်ဆေးရေးဂိတ်ဖြတ်သန်းနေစဉ် ရပ်ရန်တားသောအခါ မကြားသဖြင့် အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်ခြင်းခံခဲ့ရပြီး ဆေသုံးသွားသည်ဟု ထပ်မံသိရပါသည်။

ရပ်ကွက် (၅)မှ ဒေသခံတစ်ဦးပြောပြချက်အရ “ သူတို့အိမ်ထဲမှာ လက်နက်ကြီးကျတော့ သူ့ကို ထိသွားတယ်လို့ ပြောသံကြားတယ်၊ သူတို့အိမ်က လူတွေအားလုံးလဲ မန်းလေးဘက် အကုန်ပြောင်းသွားကြတယ်၊ သူတို့အစ်ကို ကျန်ခဲ့တာပေါ့၊ သူကတော့ ပွဲချင်းပြီး သေတယ်၊ အခုထိ သူတို့ပြန်မရောက်ကြသေးဘူး” ဟုပြောပါသည်။

ဇန်နဝါရီလ (၂) ရက်နေ့တွင် စားနပ်ရိက္ခာ ပြန်ယူသည့် မိသားစုဝင်များက လေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် ဟွေခုတ်ကျေးရွာတွင် နေထိုင်သည့် မိသားစုဝင်များထဲမှ ဖခင်ဖြစ်သူက သေဆုံးပြီး (၃) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဇန်နဝါရီ (၆) ရက် ညအချိန် ရပ်ကွက် (၂) တွင်နေထိုင်သည့် ဦးညီထွေးသည် ရပ်ကွက်ထဲ မီးလောင်သွားသည့် အိမ်ကို မီးငြိမ်းသတ်ပြီး အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ထပ်မံသိရပါသည်။

ဦးညီထွေးပြောပြချက်အရ “ ရပ်ကွက်ထဲက အိမ်မီးလောင်းလို့ သွားငြိမ်းပေးတာပါ၊ အပြန်လမ်းမှာ သေနတ်နဲ့ ပစ်ခံရတာဖြစ်တယ်၊ ဘယ်အဖွဲ့ပစ်လဲတော့ ကျနော်မပြောနိုင်ဘူး၊ အဲ့ညက တိုက်ပွဲလဲ ဖြစ်နေတော့ ကျနော်လဲ သေချာမသိဘူးပေါ့နော်၊ လက်ကိုထိသွားတာ၊ ဆေးရုံမှာဆေးသွားထည့်ဖို့ ရုန်းသေးတယ်၊ ကျနော်က ဆိုင်ကယ်မမောင်းနိုင်တော့ဘူး၊ နောက်ဆုံးတော့ ကျနော်မိန်းမက ကားနဲ့ လာခေါ်သွားတယ်” သည်ဟု ပြောပါသည်။

ဦးညီထွေးသည် လက်မောင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ချက်ချင်းဆေးကုသမှု ခံယူခြင်း မပြုလုပ်နိုင်ဘဲ နောက်တစ်ရက်ရောက်မှသာ ဆေးရုံးသွားနိုင်သည်ဟု ၎င်းမှ ဆက်လက်ပြောဆိုပါသည်။

အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း ဟိုအစ်ကျေးရွာ ဒေသခံ ဒေါ်အေးဆွယ်သည် တောင်ယာတွင် လေယာဉ်ဗုံးကြဲသည့်အချိန် ထိမှန်ခဲ့သလို ဟိုနောင်ကျေးရွာတွင် ဗျူဟာကုန်းမှ ပစ်ခတ်လာသည့် လက်နက်ကြီးသည် ကျေးရွာတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်အေးအိုင်တို့သားအမိ(၂)ဦးကို ထိမှန်ခဲ့ပါသည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်လည်း လွယ်ဆိုင်ကျေးရွာတွင် လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ကလေး ၁ဦးအပါအဝင် ဒေသခံ ၃ ဦးကို ထိမှန်ဒဏ်ရာရရှိခဲ့သည်။

Photo – Local

#၁၀၂၇စစ်ဆင်ရေး#ရှမ်းမြောက်#နားမကြားသူ#ကလေးငယ်#အမျိုးသမီး#လက်နက်ကြီး #လေယာဉ်ဗုံးကြဲမှု #ကွတ်ခိုင်