မိုင်းငေါ့မြို့ ဗုံးကြဲတိုက်ခိုက်မှုတွင် ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂၀ နီးပါး ပျက်စီးဆုံးရှုံး 

၈ ရက် အောက်တိုဘာလ ၂၀၂၅ 

ယနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီကျော်အချိန်တွင် ကျောက်မဲခရိုင် မိုင်းငေါ့မြို့ နယ် မန်လုံနှင့် တာလုံရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ​ လူနေထူထပ်သည့် ရပ်ကွက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ​ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးတို့သည် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။ 

“လေယဉ်ကျသွားတာ ရဲစခန်းရှေ့မှာ ၂ လုံးကျတာ၊ အဲဘက်မှာလူထိသွားတယ်​၊ ထိတဲ့လူတွေက စစ်သားတွေမဟုတ်ဘူး၊ ရပ်ကွက်ထဲက ပြည်သူတွေပဲ၊ ဒဏ်ရာလဲရတယ်၊ ရော့ကဒ်လဲ ပစ်တယ်၊ ရော့ကဒ်က ထွေအုပ်ရုံးမှာနဲ့ ရဲစခန်း လမ်းကြားမှာ ကျတာ၊ ဘန်ခေါက်ရွာသွားတဲ့လမ်းပေါ့၊ အခုလောလောဆယ် လေယဉ်က မြို့ထဲမှာ ကြဲသွားပြီ “​ ဟု TWO ကို ပြောသည်။ 

မန်လုံရပ်ကွက်နေ အသက် ၅၆ နှစ် ဦးရွှေဟိန်း နှင့် ၅၀ နှစ် အရွယ် ဒေါ်လှယှဉ် တို့သည် သေဆုံးခဲ့ပြီး မန်လုံရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် မထွေးထွေးခင် နှင့် တာလုံရပ်ကွက်နေ ၅၀ နှစ် ဦးသိန်းမောင်အေးသည် ကျောကုန်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။​

အကြမ်းဖက်စစ်ကောင်စီသည် ပေါင် ၅၀၀ ၂ လုံး ဗုံးကြဲသည့်အပြင် ရော့ကဒ် ၄ လုံးပါ အသုံးပြုပြီး ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါအမျိုးသားမှ ထပ်မံပြောသည်။

မန်လုံရပ်ကွက်တွင် ပေါင် ၂၅၀ ဗုံး ၂ လုံး ဗုံးကြဲခဲ့သောကြောင့် နေအိမ် ၁၆ အိမ် ပျက်စီးခဲ့သည့် ထို့အပြင် တာလုံရပ်ကွက်တွင်လည်း ရောကဒ်ဒုံး ၃ လုံး ကြဲခဲ့သောကြောင့် နေအိမ် ၂ အိမ် ပျက်စီးခဲ့သည့်အပြင် ရဲစခန်းအနီးတွင် ရောကဒ်ဒုံး ၁ လုံး နှင့် ထွေအုပ်ရုံးအနီးတွင် ၁ လုံး ဗုံးကြဲခဲ့သောကြောင့် စုစုပေါင်း နေအိမ် ၁၈ အိမ် ပျက်စီးခဲ့သည်ဟု ဆိုပါသည်။

ပုံ – ဒေသခံပေးပို့သည်။