ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး ထိမှန်
ယနေ့နေ့လည်ပိုင်း ၂ နာရီ ၃၃ မိနစ်အချိန်တွင် ကျောက်မဲမြို့ကို အကြမ်းစစ်ကောင်စီမှ ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။
ကျောက်မဲမြို့ ရပ်ကွက် ၁ ရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းအနီးတွင် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်မှုရှိသလို အရပ်သားနေအိမ် အများအပြားထိမှန် ပျက်စီးခဲ့သည်ဟု ကျောက်မဲမြို့ရောက်ရှိသည့် အမျိုးသားတစ်ဦးမှ ပြောသည်။
” လူထိတယ်၊ စိုင်းရာဇာဖုန်းဆိုင်က ၃ ဦးထိပါတယ်၊ ဗုံးစလွှင့်စင်လို့ ထိတဲ့ ၂ ယောက်ရှိသေးတယ် အမျိုးသမီးတယောက်က ပေါက်ကုန်းက နောက်ထပ် အုတ်ကျင်းက အမျိုးတယောက် ထိသေးတယ်၊ ထွေအုပ်ရုံးမှာကျတာ ဟုတ်တယ်” ဟု ပြောသည်။
ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပင်လုံလမ်းမပေါ်ရှိ စိုင်းရာဇာဖုန်းဆိုင်မှ အမျိုးသမီး ၃ ထိမှန်ပြီး ဦးခေါင်း၊ ညာဘက်ရင်အုံ နဲ့ ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ဗုံးအစအနလွှင့်စင်လာပြီး လမ်းသွားလာနေသည့် ပေါက်ကုန်းရပ်မှ အမျိုးသမီး ၁ ဦး၏ တင်ပဆုံပြဲရှဒဏ်ရာရပြီး ရပ်ကွက် ၁ အုတ်ကျင်းမှ အမျိုးသား ၁ ဦးသည်လက်ချောင်းပြတ်ထွက်ပြီး ထိမှန်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်များ၊ ကမ္ဘောဇရှမ်းကျောင်းကြီး အဆောက်အအုံအချို့ နဲ့ ဈေးဆိုင်၊ ဖုန်းဆိုင် နဲ့ ထွေအုပ်ရုံးတို့ ထိမှန်ပျက်စီးခဲ့သည့်အပြင်အမျိုးသမီး (၂) ဦး နဲ့ အမျိုးသား (၄) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။
ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သားပြည်သူများ၏ စာရင်းအသေးစိပ်ကို တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ ဆက်လက်စုံစမ်းသွားမည် ဖြစ်သည်။
နောက်ထပ်ဒေသခံအမျိုးသမီးတဦးမှ ” အိမ်တွေလဲ အများကြီးပဲထိတယ်၊ မနေ့က အဲနေရာရောက်သေးတယ်လေ၊ ကိုယ်တွေကပြေးပဲပြေးနေရတာ၊ သူများပြောတာကြားတာ ဒီမှာ ပြောပြတဲ့ ဖောင်းတွေ ဒလန်တွေရှိတယ်၊ ထပ်ချဖို့ရှိသေးတယ်လို့ ကြားတယ်၊ ချပြီးပြီးချင်းသွားကြည့်တော့ အနားကပ်မရဘူး ပေးမကြည့်ဘူး ” ဟု ပြောသည်။
ကျောက်မဲမြို့ကို ယခု ဇွန်လ ၂၄ ရက်နေ့ ရပ်ကွက် ၃ ရှိ ဗလီကျောင်းအနီးနဲ့ ရပ်ကွက် ၄ ရှိ စံပြထမင်းဆိုင်တွင် ၁ ကြိမ်၊ ၂၇ ရက်နေ့ မနက်အစောပိုင်း ရပ်ကွက် ၇ ရှိ မြောက်ကုန်းရပ် ဆောက်လုပ်ရေးရုံးတွင် ၁ ကြိမ်၊ ယနေ့ ၂၉ ရက်နေ့တွင် ၁ ကြိမ် ၁ လအတွင်း စုစုပေါင်း ၃ ကြိမ်မြောက် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၁၉ ဦး ထိမှန်ခဲ့သည်။
ပုံ – ဒေသခံ
#ဗုံးကျဲမှု
#စကစ
#ကျောက်မဲမြို့
#အိမ်ထိခိုက်