အုမ်စွမ်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲခဲ့၊ ကျောင်းသူ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ
၁၄ ရက် အောက်တိုဘာလ ၂၀၂၅ ခုနှစ်
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် အုမ်းစွမ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။
ယနေ့ အောက်တိုဘာလ ၁၄ ရက် မနက် ၇ နာရီခွဲအချိန်တွင် လေကြောင်းဗုံးကြဲခဲ့ပြီး ဒေသခံကျောင်းသူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ် ၆ အိမ် ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသမီး တစ်ဦးထံမှ သိရှိရသည်။
“ ထိခိုက်တဲ့သူတွေက ကျောင်းသူတွေဖြစ်တယ်၊ ၅ နှင့် ၈ တန်းကျောင်းသူတွေဖြစ်တယ်၊ သူတို့နှစ်ယောက်က စိုးရမ်ရတဲ့အဆင့်တော့ ရောက်တယ်၊ အခုနောက်ကျောမှာ ထိတဲ့ သူ့အစ်မက ဆုံးသွားပြီ၊ သူ့ညီမကို ဆေးကုပေးနေတယ်၊ ရွာထဲ ၄ လုံး ကြဲသွားတယ်၊ အိမ်လဲထိတယ်” ဟု ပြောသည်။
အသက် ၁၅ နှစ်အရွယ် ၅ တန်း ကျောင်းသူ လွေးမေတင်းနွယ်သည် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အစ်မဖြစ်သည့် ၈ တန်းကျောင်းသူ အသက် ၁၇ နှစ် လွေးတင်းတင်းနွယ် နောက်ကျောတွင် ထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု ထိုဒေသခံအမျိုးသမီးမှ ထပ်မံပြောဆိုပါသည်။

ထို့အပြင် ဦးမောင်ဟန်၊ ဦးလှမောင်၊ ဒေါ်မယ်ဘအေး နှင့် ဦးညွန့်ရွှေတို့ နေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့သည့်အပြင် နွား ၂ ကောင်နှင့် ဆိုင်ကယ်များပါ ပျက်စီးခဲ့သည်ဟု သိရသည်။
မနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင်လည်း နမ့်ဆန့်မြို့နယ် ကယားကြီးကျေးရွာ၏ စာသင်ကျောင်းတွင် အသက် ၁၉ နှစ်အရွယ် မိုင်းအဇော် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင် ပျက်စီးခဲ့သည်။
ပုံ – ဒေသခံ
#နမ့်ဆန် #အုမ်းစွမ်ရွာ #ဗုံးကြဲ #ကျောင်းသူ #အိမ်ပျက်စီး











