နမ့်တူတွင် အကြမ်းဖက်စကစမှ စာသင်ကျောင်းကို ဦးတည်ဗုံးကြဲခဲ့
၁၇ ရက် အောက်တိုဘာလ ၂၀၂၅ ခုနှစ်
ယနေ့မနက် ၈ နာရီခွဲအချိန်တွင် နမ္မတူမြို့ အမှတ်(၁) အ.ထ.က ကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းနှင့် ဗုံး ၃ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်သိရှိသည့် နမ္မတူ ဒေသခံ အမျိုးသားတစ်ဦးမှ “အထက ၁ ကျောင်းရှေ့မှာ ဗုံးကျတာ၊ ပန်ဟိုက်ထဲ ၁ လုံးကျတာ၊ အမျိုးသမီး ၃ ဦး ထိတယ်၊ တစ်ဦးက တင်ပါးထိ အရမ်းမပြင်းထန်ဘူးလို့ ပြောတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင် နမ္မတူမြို့နယ် ရပ်ကွက် (၈) တွင်လည်းကောင်း၊ ၆ ရက်နေ့တွင် မြို့လယ် ရပ်ကွက်(၂) တွင် လည်းကောင်း၊ ၇ ရက်နေ့ ရပ်ကွက်(၈) ပုဗ္ဗာရုံဘုန်းကြီးကျောင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ ဆက်တိုက်ဗုံးကြဲခဲ့ပြီး ကျောက်မဲမြို့နယ်မှ စစ်ဘေးရှောင်လာသည့် ၃ ဦး နှင့် ဒေသခံအမျိုးသမီး ၁ သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၂၀ အထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။
အလားတူ ယနေ့မနက် ၈ နာရီကျော်အချိန်တွင် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၂၅၀ ဗုံး ၂ လုံး အကြောင်းမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် (၁၅)နှစ်အရွယ် လိုည်းစန္ဒာဝင်း၊ အသက် (၁၅)နှစ်ရွယ် လိုည်းစပယ်ညွန့်နှင့် အသက် (၅၅)နှစ်အရွယ် ဦးကွန်နွယ်တို့ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ထို့အပြင် အသက် (၂၀)နှစ်အရွယ် လွေးနီလာကျော်နှင့် အသက် (၄၀)နှစ်အရွယ် ဒေါ်အေးဆွေတို့ ၂ ဦးသည် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅) အိမ် လည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု တအာင်းတပ်မတော် – PSLF/TNLA မှ ထုတ်ပြန်ထားသည်။











