မန်တုံ နဲ့ မိုင်းငေါ့တွင် လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့​ခြင်းကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ယမန်နေ့ မေလ ၁၂ ရက် ည ၁၀ နာရီခွဲကျော် ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ မန်တုံမြို့ အောင်ချမ်းသာ ရပ်ကွက်တွင် လေယာဥ်ဗုံးတိုက်ခိုက်ခဲ့ပြီး လူထိခိုက်‌သေဆုံးမှုရှိသည့်အပြင် အရပ်သားနေအိမ်(၂၇) လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။

‎”မနေ့ည ၂ ​နေရာ လာပစ်တယ်၊ ယောကျာ်းလေးတစ်ယောက်​​သေ သွားတယ်၊ ဆုံးတဲ့သူက ဗမာလူမျိုးဖြစ်တယ်၊ ဒဏ်ရာရတာက ၃ ယောက်ရှိတယ်၊ ဒဏ်ရာတော့မပြင်းကြဘူး၊ နေအိမ်တွေတော့အများကြီး ပျက်သွားတယ်၊ ၂၀ ကျော် လောက်ရှိတယ်၊၁၀ အိမ်က လုံးဝပျက်စီးသွားတာ၊ ဗုံးအရှိန်ကြောင့်မို့ ဟက်ပြီး ပျက်စီးသွားတာ 10 ကျော်တယ်၊ တချို့အိမ်တွေဆိုရင် ဘာမှ ရစရာမရှိတော့ဘူး ” ဟု ပြောပါသည်။

ထိုဖြစ်စဥ်နည်းအတူ တအာင်းတပ်မတော်ထိန်းချုပ်ထားသည့်  မိုင်းငေါ့မြို့ကိုလည်း မနေ့ည ၇ နာရီ မိနစ်၄၀အချိန်တွင် လေကြောင်းဖြင့်  ဗုံး ၁၂ လုံး လာရောက်တိုက်ခိုက်ခဲ့ပါသည်။

မိုင်းငေါ့မြို့နေ အမျိုးသားတစ်ဦးက ” မန်လုံရပ်ကွက်မှာ ၁ လုံးကျတယ်၊ ပညာရေးမှူးရုံးနားလေးကျတာ၊ တာလုံရပ်ကွက်က အ.ထ.က(၁) စာသင်ကျောင်းနောက်မှာ ၁ လုံးကျတယ်၊ စာသင်ကျောင်းအရှေ့က လယ်ကွက်ထဲမှာ ၁၀ လုံးကျခဲ့တယ်” ဟု‌ ပြောပါသည်။ 

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့ပေါ် တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲမှုတွင် အရပ်သားနေအိမ်နဲ့ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးဟု ၎င်းဒေသခံ၏ ပြောကြားချက်အရ သိရသည်။ 

‎အကြမ်းစစ်ကောင်စီသည် တအာင်းတပ်မတော်( TNLA)တို့နှင့် တွေ့ဆုံဆွေးနွေးမှု ပျက်သွားပြီးနောက်ပိုင်းတွင်  တအာင်းတပ်မတော် ထိန်းချုပ်ထားသည့်မြို့နယ်များဖြစ်သော မိုးကုတ် ၊ မန်တုံ၊ မိုင်းငေါ့၊ နောင်ချိုမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြပါသည်။