ရပ်စောက်၊လွယ်ဟောင်ကျေးရွာအတွင်းအကြမ်းဖက်စစ်ကောင်စီလေကြောင်းဗုံးကြဲခြင်းကြောင့်ဒေသခံ၃ဦးသေဆုံးပြီး၁၀ဦးဒဏ်ရာရရှိဆေးကုသမှုအတွက်အကူအညီလိုအပ်နေ
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စု လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ် ကောင်စီမှလေကြောင်းအသုံးပြုကာ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ဦး သေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိကာ ဆေးကုသမှုအတွက် အကူအညီလိုအပ်နေပါသည်။
“သူတို့က အိမ်တစ်အိမ်ထဲမှာစုပြီး နေကြတာ၊ လေယာဉ်သံကြားတော့ ထွက်ပြေးလိုက်တာနဲ့ လေယာဉ်ကလည်း သူတို့အိမ်ရှေ့မှာပဲပစ်ချလိုက်တာ နှစ်ယောက်ကတော့ တောင်ကြီးဆေးရုံးမှာ အခုထိ ဆေးကုနေရတယ်၊ ကျန်တဲ့သူတွေက ဒဏ်ရာမပြင်းလို့ ရွာမှာပဲဆေးကုတာ၊ အဲထဲက တစ်ယောက်တော့ ပိုက်ဆံ မတတ်နိုင်လို့ ရွာမှာပဲ ကုလိုက်တာ၊ တစ်နှစ်အရွယ် ကလေး ၁ ယောက်ကတော့ဒဏ်ရာသက်သာသွားပြီး”လို့ ဒေသခံအမျိုးသား တစ်ဦးမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ပြောပြခဲ့သည်။
အဆိုပါ ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသော ဒေသခံများကို DPLA တပ်မှ ကျေးရွာတွင် ဆေးကုသပေးပြီး ဒဏ်ရာ ပြင်းထန်သော အသက်(၃၀)နှစ်အရွယ် မသန်းဝါ လက်ဖြန်၊ ပုခုံး၊ နှလုံးများတွင် ဒဏ်ရာရရှိပြီး အသက်(၁၄)နှစ် အရွယ် မောင်စိုးမိုးကောင်းမှာ ဘယ်ဘက်ခြေထောက်ကို ဒူးအောက်ပိုက်မှ ဖြတ်ထုတ်ရသဖြင့် ၎င်းတို့နှစ်ဦးမှာ တောင်ကြီးဆေးရုံတွင် ယနေ့အထိ ဆေးကူသမှုခံယူနေရသဖြင့် အကူအညီလိုအပ် နေသေးကြောင်း သိရှိရသည်။
“ရွာမှာက ၇ယောက် ကျန်ခဲ့တယ် ၆ယောက်တော့ ဒဏ်ရာရတာ သိပ်များဘူး၊ အင်းတောမှာ ၁ယောက်၊ တောင်ကြီးမှာ ၂ယောက်ဆေးကုနေကြတယ်၊ နောက်ထပ် ၂၁ ရက်နေ့မှာ စစ်ကောင်စီက ကျောက်ဂူရွာသား ၁ယောက် ပစ်သတ်လိုက်သေးတယ်”ဟု ထိုအမျိုးသားမှ ထပ်မံပြောဆိုသည်။
ထိုအပြင် ငွေကြေးအခက်အခဲကြောင့် ဒဏ်ရာပြင်းထန်သော ကိုထမာသည် ဆေးရုံသို့ သွားရောက်ကာ မကုသနိုင် သဖြင့် ကျေးရွာတွင်သာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးကုနေကြောင်း စုံစမ်းသိရှိရပါသည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီမှ သတ်ဖြတ်လိုက်သော ကျောက်ဂူရွာသားနှင့် သက်ဆိုင်သောအချက်လက် သိရှိနိုင်ရန် တအာင်းအမျိုးသမီးအဖွဲ့အစည်း မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဓါတ်ပုံ-ဒေသခံ
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#လေကြောင်းဗုံးကြဲတိုက်ခိုက်မှု
#သေဆုံး
#ဒဏ်ရာရ
#ကျောက်ဂူ
#ရပ်စောက်