လုံကမ်ဒေသခံတစ်ဦးကို ကချင်တပ်သားများမှ သူခိုးဟု စွတ်စွဲပြီး လက်ကိုဓားနဲ့ခုတ်

ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် လင်လိုင်ကျေးရွာတွင် ပြီးခဲ့သည့် ၁၇ ရက်နေ့ နေ့လယ်ခင်း ၁၂ နာရီခွဲ အချိန်ခန့်တွင် ကချင်တပ်မတော် (KIA)တပ်သား တစ်ဖွဲ့ဝင် ၄ ဦးမှ လုံကမ်ကျေးရွာ အမျိုးသားတစ်ဦးကို သူခိုးဟုစွတ်စွဲကာ ညာဘက်လက်တွင် ဓားဖြင့်ခုတ်လိုက်သောကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ကာယကံရှင်ထံမှ သိရှိရသည်။

ကာယာကံရှင် ဖြစ်သူ ဦးမောင်ဦးမှ’’ လင်လိုင်ရွာမှာ ကျနော်က အိမ်တစ်အိမ်ရဲ့ အပေါ်ဘက်မှာ ဆိုင်ကယ်ရပ် ထားတာ၊ အဲဒီဆိုင်ကယ်ပေါ်မှာ ချိတ်ထားတဲ့လွယ်အိတ်ထဲမှာ ရှိတဲ့မီးခြစ်ကို သွားယူသုံးတာ ခြစ်သုံးပြီးတော့ ပြန်ထားခဲ့တယ်၊ အိမ်ထဲတောင်မဝင်ဘူး၊ ကျနော်ရှေ့ဆက်သွားတဲ့အချိန်မှာ ကျတော်နောက်ကနေ စစ်သား လေးယောက် လိုက်လာတယ်၊ ကျနော်ကိုဖမ်းပြီးသစ်ပင်နဲ့ချည်ထားတယ်၊ ပထမတစ်ယောက်က ကျနော့်ရဲ့ ခေါင်းကို အနောက်ကနေ သေနတ်နဲ့ရိုက်တယ်ထုတယ်၊ ဒုတိယတစ်ယောက်က ကျတော် ညာဘက်လက်ကို ဓားနဲ့ခုတ်တယ်၊ တအာင်းလူမျိုးတွေမို့လို့ သေအောင်ခုတ်ရမယ်တဲ့၊ ပြီးရင် နင်တို့တအာင်းတပ်ရဲ့ သေနတ်ပြောင်းနဲ့ ငါတို့ဟာနဲ့ကဘယ်ဟာပိုကောင်းလဲ၊ ကျတော်ကိုနှစ်နာရီ နီးပါးလောက်ချည်ထားတယ်၊ နောက်ထပ်တတိယတစ်ယောက်က ကျတော်ရင်ဘက်ကို ခြေထောက်နဲ့ နင်းထားလို့ အခုရင်ဘက်အောင့် နေတယ်၊ နောက်ဆုံးတစ်ယောက်က ကျနော့်ကို ဘာကြည့်နေလဲဆိုပြီး မျက်လုံးကို လက်တီးနဲ့ထိုးတယ်” ဟု ဆိုပါသည်။

အဆိုပါ ကချင်တပ်ဖွဲ့ဝင်တပ်သားများသည် ကိုမောင်ဦးမှ ပစ္စည်းခိုးသည်ဟု စွပ်စွဲပြီး ညာဘက်လက်ကို ဓားမြှောင်ဖြင့် ခုတ်ခဲ့သည့်အပြင် မျက်လုံးနဲ့ ဦးခေါင်းတွင် လူမဆန်စွာရိုက်နှက်ခဲ့သောကြောင့် ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့ပြီး တအာင်းတပ်မတော်(TNLA)၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဆေးကုသရန်အတွက် ဆေးရုံတစ်ခုတွင် ပို့ဆောင်ပေးပြီး ဆေးကုသမှုခံယူနေဆဲ ဖြစ်သည်။

“ကျနော်ကိုအဖွဲ့လိုက် ရှိတယ်ဆိုပြီးမေးတယ်၊ ဘာပစ္စည်းတွေခိုးလဲ ဆိုတာတွေလည်းမေးတယ်၊ ကျနော်လည်း ဘာမှမယူဘူးအဖွဲ့လည်းမရှိဘူး၊ ဒီရွာကရွာသားလည်း မဟုတ်ဘူးလို့ပြောတာလည်းမရဘူး၊ အဲဒီနားမှာ တအာင်းတပ်သားတွေရှိတယ်၊ သူတို့ကိုလှမ်းခေါ်လိုက်တာ၊ ကချင်တပ်တွေက တအာင်းတပ် တွေကို တွေ့တဲ့အချိန်မှာ တအာင်းတပ်တွေ မတွေ့ခင် အနာသွားဆေးမယ်တဲ့၊ သွေးတွေဆေးပေးလည်း လက်မှာ ဒဏ်ရာများတော့ မရတော့ဘူးလေ၊ တအာင်းစစ်သားတွေလာတဲ့အချိန်မှာ သူတို့တွေကကျနော်ကို ဆေးကုသဖို့ခေါ်သွားတယ်” ဟု ကာယကံရှင်မှ ဆက်လက်ပြောပြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင်လည်း ကချင်တပ်ဖွဲ့များသည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ နဲ့ လော့ခုမ်ရွာကြားရှိ ရေချောင်းတွင် သင်္ကြန်ရေကစားနေကြသည့် လော့ခုမ်ကျေးရွာသားနှင့် ကလေးငယ် ၅ ဦးကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည့်အတွက်ကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

သတင်းဓာတ်ပုံ – ဒေသခံ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#ကချင်တပ်မတော် #ညှဉ်းပန်းနှိပ်စက်ခြင်း #ဓားခုတ်မှုဖြစ်ပွား #နမ့်ဖတ်ကာနယ်#ဒဏ်ရာရ