ရှမ်း/တောင် ကျောက်ဂူကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ သော အမျိုးသမီးတစ်ဦး ဆေးကုသမှုအတွက် အကူအညီလိုအပ်နေ
ရှမ်း/တောင် ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာဘက်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဓနုတပ်မတော် (DPLA)တို့ တိုက်ပွဲများ အပြင်းအထန်ဆက်လက်ဖြစ်ပွါးနေပြီး ကျေးရွာအတွင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်ဟု စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်တွင် အဆိုပါ ထိခိုက်ဒဏ်ရာရရှိသော အမျိုးသမီးသည် ၎င်း၏သမီးဖြစ်သူအား မြို့ထဲသို့ ကျောင်းတက်နိုင်ရန်အတွက် ကျေးရွာတွင်စာအုပ်ယူရန် ပြန်သွားသည့်အချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့က တောထဲမှာ စစ်ရှောင်နေကြတာ သမီးကကျောင်းတက်နေတုန်း ရပ်စောက်မှာ ပြန်တက် ရမယ် ဆိုလို့ ကျောက်ဂူမှာ စာအုပ်ယူဖို့ ခနပြန်တာ၊ လက်နက်ကြီးက အနောက်ဘက်ကနေကျလာတာ၊ ကျွန်မကို ထိတဲ့ချိန်မှဘဲ သိလိုက်တာ၊ ပြည်သူလူထုတွေကို ဒီလိုမထိခိုက်စေချင်တော့ဘူး”လို့ ဒဏ်ရာရ အမျိုးသမီးမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ပြောပြခဲ့သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရသူမှာ အသက်(၃၅)နှစ်အရွယ် မခမ်းအေးဖြစ်ပြီး ခါးနှင့် ကျောကုန်းများတွင် ထိခိုက်ဒဏ်ရာရရှိကာ လက်ရှိမှာ စပ်စံထွန်းဆေးရုံမှာ ဆေးကုသမှုနေစဉ်မှာ ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေပါသည်။
ထို့အတူ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင်လည်း ကျောက်ဂူဒေသ လွယ်ဟောင်ကျေးရွာမှာ အကြမ်းဖက် စစ်ကောင်စီမှ Y12 လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအများအပြားထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူ ၃ ဦးဖြစ်ဖြစ်ခဲ့သည့်ဖြစ်စဉ်ကို တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ စုံစမ်းနေဆဲဖြစ်သည်။
ရှမ်း/တောင် ရပ်စောက်မြို့နယ်တွင် ဇန်နဝါရီလပထမပတ်ကစပြီး ကျောက်ဂူဒေသမှာ အကြမ်းဖက် စစ်ကောင်စီနှင့် ဓနုတပ်မတော် (DPLA) တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး လက်နက်ကြီးများကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခြင်းနှင့် ဒေသခံပြည်သူများလည်း စစ်ရှောင်နေကြရပါသည်။
သတင်းဓာတ်ပုံ – ဒေသခံ
#ရှမ်း/တောင်#ကျောက်ဂူ#တိုက်ပွဲ#အမျိုးသမီး#ဒေသခံပြည်သူ#ဒဏ်ရာရ