နောင်ချိုတွင် နေရပ်ပြန်အမျိုးသမီးတစ်ဦး အိမ်နောက်ဖေး၌ အဝတ်လှန်းစဉ် မိုင်းနင်းမိ၍ ခြေနှစ်ဖက်လုံး ပြတ်တောက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ဘေးရှောင်ရာမှ နေရပ်ပြန်လာသည့် အမျိုးသမီးတစ်ဦးသည် နေအိမ်နောက်ဖေး၌အဝတ်လှန်းရန် ပြင်ဆင်စဉ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်လုံး ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မတ်လွတ်ရွာတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် မချိုသင်းသည် နေအိမ်နောက်ဖေး နံရံ၌ အဝတ်လှန်းရန် ကြိုးတန်းကာ အဝတ်လှန်းနေစဉ် ထောင်ထားသည့် မြေမြုပ်မိုင်းအား နင်းမိကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် မချိုသင်းတွင် ခြေထောက်နှစ်ဖက်လုံး ပြတ်တောက်သွားသည့်အပြင် လက်များတွင်လည်း ပြတ်ရှဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
လက်ရှိတွင် ဆေးရုံမှ ဆင်းလာခဲ့ပြီဖြစ်သော်လည်း ကိုယ်လက်အင်္ဂါ မသန်စွမ်းမှုကြောင့် မိသားစုစားဝတ်နေရေး အလွန်ခက်ခဲနေကြောင်း မချိုသင်းက တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) သို့ ပြောကြားထားသည်။
၎င်းက “စစ်ရှောင်ပြီး ပြန်လာနေတာ ၄ ရက်ပဲ ရှိသေးတယ်။ ခြံထဲတွေတောင် မိုင်းနင်းမှာကြောက်လို့ မသွားရဲဘူး။ အိမ်ဘေးတင်အဝတ်လှန်းဖို့လုပ်ရင်း နင်းမိတာ။ ခုက အမျိုးသားတစ်ယောက်ပဲ အလုပ်လုပ်နိုင်တော့တယ်၊ ကလေးတွေကလည်း ငယ်သေးသလိုအမေကလည်း အသက်ကြီးပြီဆိုတော့ စားဝတ်နေရေးက အရမ်းခက်ခဲနေပါတယ်” ဟု ဆိုသည်။
အဆိုပါ မြေမြုပ်မိုင်းကို မည်သည့်အဖွဲ့က ထောင်ထားသည်ဆိုခြင်းကိုမူ အတည်မပြုနိုင်ခြင်းမရှိသည့် အပြင် မတ်လွတ်ကျေးရွာသည် ယခင်က တအာင်းတပ်မတော် (TNLA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် နေရာတစ်ခု ဖြစ်ခဲ့သည်။






