စစ်တပ်ကုန်းအနီးတွင် နမ့်ဆန်ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ခြေနှစ်ဖက်စလုံးပြတ်ထွက်
မနေ့က ဧပြီလ ၂၂ ရက်နေ့ နေ့လည်ခင်း ၂ နာရီဝန်းကျင်အချိန် စစ်တပ်ကုန်းအနောက်ဖက်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်ခဲ့သည်ဟု သိရှိရသည်။
နမ့်ဆန်မြို့နယ် ဒေသဦးစီးရုံးတွင် နေထိုင်ပြီး ပန်းရံအလုပ်ကိုင်လုပ်နေကြသူများဖြစ်ပြီး အလုပ်ပိတ်ရက် ဖြစ်သောကြောင့် လက်ဖက်ခြံထဲ ငှက်ပစ်ရန် သွားနေသည့်အချိန် စစ်တပ်ကုန်းအနောက်ဖက်တွင် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်စလုံး ပျက်ထွက်ခဲ့ရခြင်းဖြစ်သည်။
မိုင်းနင်းမိသူ ကိုကျော်ဇင်ဟိန်းမိသားစုသည် လားရှိုးမြို့ အမှတ်(၂) ရဲခစန်းဘက်တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် ၆လခန့်က နမ့်ဆန်မြို့ ဆောက်လုပ်ရေးရုံးတွင် ပြောင်းရွှေ့လာသည့် ဆောက်လုပ်ရေးလုပ်သားများ ဖြစ်ကြသည်ဟု ဇနီးဖြစ်သူက ပြောသည်။
မိုင်းနင်းမိသူ၏ ဇနီးဖြစ်သူမှ “ ကျမတို့က နမ့်ဆန်ဆောက်လုပ်ရေးရုံးမှာနေပြီး အလုပ်လုပ်တာ၊ မနေ့က အလုပ်နားလို့ သူတို့သူငယ်ချင်းအိမ်ကို သွားလည်တာ၊ အဲ့ဒါသူတို့က တောထဲကို ငှက်ပစ်သွားကြမယ်ဆိုပြီး သွားလိုက်တာ၊ အတူတူသွားတဲ့သူငယ်ချင်းတွေက ဘာမှမဖြစ်ဘူး၊ ယောကျာ်းက တက်နင်းမိတာဆို သူ့ခြေထောက်တော့ ကျိုးသွားတယ်၊ တစ်ချောင်းက ဆေးရုံရောက်တော့ ဖြတ်လိုက်ရတယ်” ဟု ပြောပါသည်။
မိုင်းနင်းမိသည့် အသက် ၂၀ နှစ် အရွယ် ကိုကျော်ဇင်ဟိန်းသည် ခြေနှစ်ဖက်စလုံး ပျက်ထွက်ခဲ့ပြီး အသက် (၂၁) အရွယ် မောင်ထွန်းဝင်းနိုင်သည် ဗိုက်နှင့်မျက်နှာပြင်တွင် မိုင်းစအနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလတွင်လည်း နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာတွင် ကလေးငယ် ၃ ဦးမှ လက်ဖက်ခြံထဲတွင် စစ်လက်ကြွင်းကျန်ပစ္စည်းများကို ယူဆော့ရာမှပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ရသလို ဘုရားကြီးသားတစ်ဦးသည်လည်း လက်ဖက်ခြံအတွင်း စစ်လက်နက်အအကြွင်းအကျန်ပစ္စည်းများကို သွားရှာနေရင်း မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့သည်။
ပုံ – TWO