မိုင်းနင်းမိပြီး ဆေးကုသမှုခံယူနေသော နမ့်ပါချီးရွာသား တစ်ဦး အကူအညီလိုအပ်နေ

ှမ်း/မြောက် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်တွင်  နမ့်ပါချီးကျေးရွာနေ အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိကာ ဆေးကုသမှုခံယူရန်အတွက် အကူအညီလိုအပ်နေကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်တွင် နမ့်ပါချီးကျေးရွာနေ အသက် ၃၃ နှစ်အရွယ် ဦးအောင်ထိုက်သည် ၎င်း၏ဇနီးနှင့်အတူ ဗူးခွံ၊ ပုလင်ခွံများလိုက်ကောက်နေသည့် ကွတ်ခိုင်-သိန္နီကြား ပြည်ထောင်စု လမ်းမဘေး တစ်နေရာတွင် ဆိုင်ကယ်ရပ်ကာ အပေါ့သွားနေစဉ် မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ရရှိကာ ဆေးကုသမှု ခံယူနေသည်။

“သူက အပေါ့သွားချင်လို့ဆိုပြီး ဆိုင်ကယ်ရပ်ပြီးတော့ လမ်းဘေးကခြုံမှာ သွားလိုက်တာ၊ မိုင်းနင်းမိတာ၊ ဖြစ်ဖြစ်ချင်း အော်ခေါ်လို့ ကျမသွားကူမလို့ဘဲ ကိုးကန့်စစ်သားတွေက မသွားနဲ့ အခြားမြှုပ်ထားတဲ့ မိုင်းတွေ အများကြီးရှိတယ် ဆိုပြီးတော့ သူတို့ပဲ လမ်းမကို သွားခေါ်လာ ပေးတာ” ဟု မိုင်းနင်းမိသူ၏ ဇနီးက ပြောပြသည်။

အဆိုပါ မိုင်းနင်းမိသူသည် ဘယ်ဘက်ခြေထောက်တွင် ပြင်းထန်စွာရရှိပြီး နံဖူး၊ ညာမျက်လုံးနှင့် မှေးစေ့တို့တွင် ဒဏ်ရာအသီးသီး ရရှိပြီး ဇီဝကကိုယ်ပိုင်ဆေးခန်းတွင် သွားရောက်ဆေးကုသမှုရာမှာ ဘယ်ဘက်ခြေထောက် တစ်ဖက် ဖြတ်ထုတ်ခဲ့ရကြောင်း သိရှိရသည်။

မြေမြှုပ်မိုင်းထိခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ပုံမှန် ဆေးရုံ၊ ဆေးခန်းတွင် ထပ်မံပြသနေရပြီး ဆေးခန်းတစ်ကြိမ် သွားပြလျှင် ကျပ်တစ်သိန်းကျော် ကုန်ကျသဖြင့် ပုံမှန်ဆေးခန်းပြရန်အတွက် အကူအညီလိုအပ်နေသည်။

ဉီးအောင်ထိုက်သည် ကျောင်းနေအရွယ် ကလေးနှစ်ယောက်ရှိပြီး ယခင်က ဆောက်လုပ်ရေး အလုပ် လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးကို ဖြေးရှင်းနိုင်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ထိုလုပ်ငန်း အဆင်မပြေသောကြောင့် ဗူးခွံ၊ ပုလင်းခွံများကောက်သည့် အလုပ်ကိုသာ ပြောင်းလုပ်ကိုင် နေကြောင်း ထပ်မံသိရပါသည်။

၎င်းမိုင်းနင်းမိသော နေရာသည် ကိုးကန့်တပ်ဖွဲ့ (MNDAA) သွားလာလှုပ်ရှားနယ်မြေဖြစ်ပြီး မည်သည့် အဖွဲ့၏ မိုင်းဖြစ်ကြောင်းကို အတည်မပြုနိုင်သေးပါ။

#ဓာတ်ပုံ – တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO

#မြေမြှုပ်မိုင်းနင်းမိ #ခြေပြတ် #ကွတ်ခိုင်