နောင်ချို၌ နေအိမ်ခြံဝင်းအတွင်း ပေါင်းမြက်ရှင်းလင်းစဉ် ကြိုးမိုင်းပေါက်ကွဲ၊ သားအမိနှစ်ဦးအနက် သားဖြစ်သူသေဆုံးပြီး မိခင်ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးလုပ်စဉ် ကြိုးမိုင်းတိုက်မိပေါက်ကွဲရာ အသက် ၆၅နှစ်အရွယ် သားဖြစ်သူ သေဆုံးပြီး ၇၈ နှစ်အရွယ် မိခင်ဖြစ်သူမှာ ခြေလက်များ ပြတ်ရှဒဏ်ရာဖြင့် ဆေးရုံတင်ထားရကြောင်း သိရသည်။

​ ဖြစ်စဉ်မှာ မတ်လ ၂၉ ရက်တွင် နောင်ချိုမြို့နယ်၊ ညောင်တောကျေးရွာအုပ်စု၊ ယာပြင်ရွာတွင် သားဖြစ်သူ ဦးဝင်းမြင့်နှင့် မိခင်ဖြစ်သူဒေါ်မိကင်းတို့သည် အိမ်ရှိ ခြံအတွင်းတွင် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းနေစဉ် ထောင်ထားသည့် ကြိုးမိုင်းအား တိုက်မိကာပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

​ မိုင်းပေါက်ကွဲမှုကြောင့် ဦးဝင်းမြင့်တွင် အဆုတ်ကို မိုင်းစထိမှန်သည့် ဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ပင် ဆုံးပါးသွားခဲ့ပြီး၊ မိခင်ဖြစ်သူ ဒေါ်မိကင်းမှာမူ ညာဘက်လက်နှင့် ခြေထောက်နှစ်ဖက်စလုံးတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။

​ “စစ်ရှောင်ပြီး ပြန်လာနေကြတာ ကြာပါပြီ။ အဲဒီနေ့မှ အိမ်နားကို သန့်ရှင်းရေးလုပ်ရင်း မိုင်းတိုက်မိတာပါ။ အဘွား (ဒေါ်မိကင်း) ကတော့ နောင်ချိုဆေးရုံမှာ ကုနေရတုန်းပဲ၊ လမ်းမလျှောက်နိုင်သေးဘူး။ သူ့သားဆုံးသွားတာကိုတောင် စိတ်ခိုက်မှာစိုးလို့ အခုထိအသိမပေးရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက တအာင်းအမျိုးသမီးအဖွဲ့အစည်းအား ပြောကြားခဲ့သည်။

​ယာပြင်ကျေးရွာသည် ယခင်က တအာင်းတပ်မတော် (TNLA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နေရာဖြစ်ပြီး မည်သည့်အဖွဲ့က မိုင်းထောင်ထားသည်ကိုမူ အတည်မပြုနိုင်ကြောင်း ထပ်မံသိရှိရပသည်။