လားရှိုးမြို့နယ်တွင်မြေမြုပ်မိုင်းနင်းမိ၍ဦးအိုက်လူနှင့်၁၄နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာပြင်းထန်ရရှိ၊ဆေးကုသစရိတ်အကူအညီလိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်းပွဲကျေးရွာအုပ်စု၊ ခိုက်တွေကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံအမျိုးသားတစ်ဦးနှင့် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အသက် ၃၀ နှစ်အရွယ် ဉာဏ်ရည်မသန်စွမ်းသူ ဦးအိုက်လူနှင့် အသက် ၁၄ နှစ်အရွယ် မောင်အိုက်လော်တို့သည် ကျွဲကျောင်းရာမှအပြန်တွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ကျွဲမှာ မိုင်းအန္တရာယ်ရှိနိုင်သောလူသူမသွားလာသည့်ဘက်သို့ ဆင်းသွားသဖြင့် သွားရောက်မောင်းထုတ်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

​”အဲဒီနေရာကို မိုင်းတွေရှိမှာစိုးလို့ ဘယ်သူမှမသွားကြဘူး။ သူတို့နှစ်ယောက်ရဲ့ ကျွဲက အဲဒီဘက်ဆင်းသွားတာ။ သူတို့က ကျွဲကိုသွားမောင်းရင်းနဲ့ နင်းမိတာ။ ရှေ့ကသွားတဲ့ ကျွဲကနင်းတာလား၊ သူတို့ကနင်းတာလားဆိုတာတော့ သူတို့လည်း သေချာမသိလိုက်ဘူး” ဟုကာယကံရှင်၏ မိခင်ဖြစ်သူက တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) သို့ ပြောကြားခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးအိုက်လူတွင် ဘယ်ဘက်ခြေထောက် အရိုးထိခိုက်ဒဏ်ရာ ရရှိခဲ့၍ အိုက်လော်မှာမူ ပေါင်နှစ်ဖက်လုံးတွင်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး လက်ရှိတွင် ၎င်းတို့နှစ်ဦးလုံးကို လားရှိုးဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေလျက်ရှိသည်။

ဒဏ်ရာရရှိသူ မောင်အိုက်လော်သည် လက်ရှိတွင် အဘွားဖြစ်သူနှင့် နေထိုင်နေသူဖြစ်ပြီး မိသားစုမှာ စားဝတ်နေရေး ခက်ခဲသည့်အပြင် ဆေးကုသစရိတ်အတွက်ပါ အကူအညီကို အရေးပေါ် လိုအပ်နေကြောင်း ထပ်မံသိရှိရပါသည်။