တောင်ယာကအပြန် မြေမြုပ်မိုင်းနင်းပြီး အမျိုးသားတစ်ဦး ခြေတစ်ဖက် ပြတ်ထွက်ခဲ့
၂၀ ရက် အောက်တိုဘာလ ၂၀၂၅
စကစပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ဒိုးပင်အုပ်စု ရတနာသိင်္ဂီကျေးရွာတွင် ပြီးခဲ့သည့် ၄ရက်နေ့ နေ့လယ်အချိန်တွင် တောင်ယာမှ ပြန်လာနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေမျက်စိအောက် ပြတ်ထွက်သွားသည်ဟု သိရသည်။
ကာယကံရှင်၏ သမီးဖြစ်သူမှ “တောင်ယာမှာ စပါးစိုက်ထားတော့ ငှက်တွေမလာအောင် ပလပ်စတစ်ကြိုး သွားချည်တာ၊ အသွားကတော့ ဘာမှမဖြစ်ဘူး၊ အပြန်မှာသူနင်းမိတာ ၊အိမ်နဲ့၁၅မိနစ်လောက်ရှိမယ်၊ အဖေက သူ့ဟာသူ ကြိုးစားပြီး တစ်ရွတ်တိုက်ပြန်လာပြီး ကူညီအော်ခေါ်တော့ အိမ်နီးနားချင်းတွေက တွေ့သွားတာ” ဟု TWO ကို ပြောပါသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရသူ အသက် ၆၇ နှစ်အရွယ် ဦးအိုက်ဆွန်ထန်သည် လက်ရှိတွင် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ပြတ်ထွက်သွားသည့် ခြေမျက်စိအောက် ညာခြေထောက်အား ဒူးအောက်ပိုင်းထိ ဖြတ်ထားရသည့်အပြင် ဘယ်ခြေထောက်ဒူးတွင် ပွန်းပဲ့ပြီး ညာလက်ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။









