ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲအတွင်း ကင်းထောက်လေယာဉ်ဗုံးကြဲမှုကြောင့် ကွတ်ခိုင်ဒေသခံ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ဆက်လက်ဆေးကုသရန် အခက်အခဲရှိနေ

Ta’ang Women’s Organization

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ကွတ်ခိုင်မြို့နယ် ဟိုအစ်ကျေးရွာခံ လင်မယားနှစ်ဦးသည် တောင်ယာတွင် အလုပ်လုပ်နေသည့်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ကင်းထောက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ဇနီးဖြစ်သူ အသက် (၃၈) နှစ်အရွယ် ဒေါ်အေးဆွယ်ကို ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။

ဒေါ်အေးဆွယ်မှ “ ကလေးအဖေနဲ့ ကလေး နှစ်ယောက်နဲ့ တောင်ယာမှာသွားအိပ်တာ၊ မနက်စာစားပြီးတော့ တဲ‌ရှေ့မှာထွက်ပြီး ရေသောက်တာ၊ အဲ့အချိန် တောင်ကုန်းပေါ်မှာ ဗုံးပစ်လာတာ ဗုံးအစတွေက ကျမခြေထောက်ကိုထိသွားတယ်၊ ကျမကိုထိသွားပြီလို့ ကလေးအဖေကိုအော်ခေါ်ပြီး တဲထဲကျမကိုဆွဲခေါ်လာတာ၊ အဲ့တလောတုန်းက လေယာဉ်ကနေ့တိုင်းပတ်တယ် ဘာမှမပစ်ဘူး အဲ့နေ့ကျတော့ သူဗုံးကြဲခဲ့တယ်၊ အဖြူရောင်နဲ့ အသံအကျယ်ကြီးနဲ့လေယာဉ်လိုမျိုးပဲ ” သည်ဟု ပြောပါသည်။

ဒေါ်အေးဆွယ်သည် ညာဘက်ခြေထောက် ပေါင်တွင် ဗုံးကျည်စထိမှန်ဖောက်ထွက်သည့် ဒဏ်ရာရရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးကားခေါ်ဆောင်ပြီး ကွတ်ခိုင်ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီး ဓာတ်မှန်ရိုက်ရန် ပြင်ဆင်နေသည့်အချိန် ဆေးရုံးဝန်းအတွင်း လက်နက်ကြီးတစ်လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့လို့ ဆေးရုံလူနာကားမှတစ်ဆင့် ကောင်းခါးဆေးရုံကို တိုက်ပွဲကြားမှ သွားရောက်ဆေးကုသနေရသည်ဟု သူမက ဆက်ပြောပါသည်။

အလားတူ ဇန်နဝါရီ ၂ ရက်နေ့ ၁၁ နာရီအချိန်တွင် ဟိုနောင်ကျေးရွာတွင်လည်း ကွတ်ခိုင်ဗျူဟာ အမြောက်တပ်ကုန်းမှ ပစ်ခတ်လာသည့် လက်နက်ကြီးနှစ်လုံးသည် အရပ်သားနေအိမ်တစ်အိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် (၂၁) အရွယ် ဒေါ်အေးအိုင်နဲ့ သူမ၏ သားဖြစ်သူ အသက် ၃ နှစ်ခွဲအရွယ် မိုင်းအနိုင်တို့ကို ထိမှန်ခဲ့ပါသည်။

ဒေါ်အိုင်၏ ယောက်က္ခမဖြစ်သူမှ “ သူ့သားကို ထမင်းထိုင်ကျွေးနေတဲ့အချိန် ကျလာတာ၊ သူ့အမေ အိုင်ရဲ့ဗိုက်တစ်ခြမ်းကို ထိတယ် အူတောင်ထွက်လာတယ်၊ အပြင်ထွက်ကျတဲ့အူကို ပြန်သွက်ထည့်ပြီး ပိတ်စနဲ့ချည်ပြီး ဆေးရုံကိုခေါ်သွားခဲ့တာ၊ သူ့သားကျတော့ လက်ထိထားတယ်၊ ချွေးမတော့ အများကြီးထိထားတယ် ဆေးဖိုးလည်းအများကြီး ကုန်ထားတယ် အခုထိဆေးရုံမဆင်းရသေးဘူး” သည်ဟု ပြောပြပါသည်။

အဆိုပါ သားအမိနှစ်ယောက်စလုံးသည် အခင်းဖြစ်ပွားသည့် ၂ ရက်နေ့မှစပြီး ယနေ့လကုန်အထိ ကောင်းခါးဆေးရုံတွင် ဆေးကုသနေသည်မှာ တစ်လပြည့်ခဲ့ပြီး ဆက်လက်ဆေးကုသနိုင်ရန် အခက်အခဲရှိနေပြီး အလှူရှင်လိုအပ်နေသည်ဟု ထပ်မံသိရသည်။

#လက်နက်ကြီး

#ကင်းထောက်လေယာဉ်

#ကလေး

#အမျိုးသမီး

#ဟိုအစ်ရွာ

#ဟိုနောင်ရွာ

#ကွတ်ခိုင်တိုက်ပွဲ