စစ်ရှောင်နေထိုင်သည့် ဘုန်းကြီးကျောင်းဝန်းအတွင်း ဒရုန်းဗုံးကြဲခြင်းကြောင့် ကလေးအပါအဝင် (၁၀)ဦး ဒဏ်ရာရ ဆယ်တန်းကျောင်းသူ ၁ဦး သေဆုံးခဲ့

Ta’ang Women’s Organization

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်း စစ်ရှောင်နေသည့် ဒေသခံများ ရှိသည့်နေရာကို ဇန်နဝါရီ (၃) ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲခံရခြင်းကြောင့် ကလေးအပါအဝင် ဒေသခံ (၁၀) ဦးဒဏ်ရာရရှိပြီး ဆယ်တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ရသည့်အပြင် ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ (၃) ရက်နေ့ ၁၁ နာရီဝန်းကျင်တွင် ဒရုန်း (၃) စင်းဖြင့် ကင်းလှည့်လည်နေသည့် တပ်ဖွဲ့မှ စစ်တပ်စခန်းသို့ ဗုံးကြဲပြီးနောက် ကျောင်းခမ်းဘုန်းကြီးကျောင်းကို ထပ်မံလာရောက်ဗုံးကြဲခြင်းဖြစ်ပြီး ယခုလို ထိခိုက်သေဆုံးမှုရှိခြင်း ဖြစ်ပါသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ ဦးကျော်စွာနှင့် အခြားဒေသခံ (၉)ဦးတို့ ဖြစ်ကြပြီး သေဆုံးသူမှာ အသက် (၁၆) နှစ်အရွယ် (၁၀) တန်းကျောင်းသူဖြစ်သူ မငြိမ်းသူဇာထွေေး တို့ဖြစ်ပါသည်။ ကျန်ရှိသည့် ထိခိုက်ဒဏ်ရာရသူများ၏ အခြေအနေကို တအာင်းအမျိုးသမီးမှ ဆက်လက်စုံစမ်းနေလျှက်ရှိပါသည်။

ထိခိုက်ဒဏ်ရာရရှိသည့် ဦးကျော်စွာ ပြောပြချက်အရ “ကျနော်ရဲ့ ခြေထောက်ခြေမျက်စိမှာ ထိထားတယ်၊ မနေ့တုန်းက ချုပ်ရိုးဖြေတယ်၊ အခုတော့ သက်သာနေပြီး ဒါပေမယ့် လမ်းအရမ်းလျှောက်မရသေးတာပဲ ရှိတယ်၊ လမ်းအများကြီးလျှောက်ရင် သွေးထွက်နေတယ်၊ ဒဏ်ရာရတဲ့သူတော့ များတယ်၊ အရမ်းတော့ မပြင်းထန်ဘူး၊ အဲ့နေ့မှာ နှစ်ယောက်တော့ ဒဏ်ရာပြင်းထန်တယ်၊ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်လာတဲ့ ဆရာမတစ်ယောက်ရှိတယ် အဲ့ဆရာမက ဆေးကုပေးတယ်၊ အခုတော့ အကုန်လုံး သက်သာကြပြီး” ဟုပြောပါသည်။

ဒရုန်းဖြင့် ဗုံးလာကြဲသည့်နေရာသည် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှမရှိဘဲ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့ကတည်းက စစ်ရှောင်လာသည့် ဒေသခံများသာရှိကြပြီး ဗုံးကြဲမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေသခံများသည် ဘုန်းကြီးကျောင်းတွင် ဆက်မနေရဲကြတော့ဘဲ လားရှိုးမြို့ရှိ မန်ဆူဘုန်းကြီးကျောင်းတွင်သော်လည်းကောင်း၊ ခရစ်ယာန်ချင်းနှစ်ချင်းကျောင်းတွင် သော်လည်းကောင်း၊ သိန္နီမြို့ရှိ ဟိုတုံဘုန်းကြီးကျောင်း တွင်သော်လည်းကောင်း စသည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်ဟု ၎င်းမှ ဆက်လက်ပြောဆိုထာားပါသည်။

ဒရုန်းဗုံးသည် အကြမ်းဖက်စစ်တပ်ရှိသည့်နေရာတွင် ဗုံးကြဲချခဲ့ပြီးနောက် ၎င်းတို့စစ်ရှောင်နေကြသည့် ဘုန်းကြီးကျောင်းဝန်းအတွင်း ပြန်လာကြဲခဲ့ပြီး ဗုံးလာကြဲခဲ့သည့်တပ်ဖွဲ့ကိုလည်း မည်သည့်တပ်ဖွဲ့ဖြစ်ကြောင်းကို ကျောင်းခမ်းဘုန်းကြီးတွင် စစ်ရှောင်နေကြသည့် ပြည်သူများက သေချာတပ်အပ်မပြောနိုင်ဟု ဒေသခံများမှ မှတ်ချက်ပြုချက်အရ သိရပါသည်။

Photo – Local residents (သိန္နီမြို့ ရပ်ကွက်တစ်ခုရှိ ဘုန်းကြီးကျောင်းတွင်စစ်ရှောင်နေကြသည့် ပုံရိပ်များ)

#ဒရုန်းဗုံး

#ဆယ်တန်းကျောင်းသူ

#သေဆုံး

#ဘုန်းကြီးကျောင်း

#သိန္နီမြို့

#ရှမ်းမြောက်