မြန်မာ့တပ်မတော်မှ လက်နက်ကြီး ရွာတွင်းသို့ ပစ်ခတ်ခြင်းကြောင့် ငေါ့ငါးတစ်ရွာလုံး ထွက်ပြေးနေရ

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၁၈ခုနှစ်

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ကွတ်ခိုင်မြို့နယ်၊ မန်နှိမ်းအွမ်အုပ်စု၊ ငေါ့ငါးကျေးရွာအနီးတဝိုက်တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ လေယာဉ်နှင့် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ရွာအတွင်းသို့ ဦးတည်ပစ်ခတ်မှုကြောင့် ငေါ့ငါးရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။

ဒေသခံတစ်ဦးပြောကြားချက်အရ “ ၅ရက်နေ့က တိုက်ပွဲဖြစ်ပြီးတော့ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး လုပ်တာဖြစ်တဲ့အတွက် ရွာကို ပြန်လာလို့မရသေးဘူးလို့ ပြောတယ်။ ပြီးတော့ လေယာဉ်နဲ့ ရွာကို လှမ်းပစ်တယ်။ နမ့်ဖက်ကာဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ အဲကြောင့်မို့ ဘယ်သူမှ မနေရဲကြတော့ဘူး” ဟု တအာင်းအမျိုးသမီးအဖွဲ့ထံ ပြောသည်။

မိုင်းယုကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသူလူဦးရေမှာ ကျား -၂၂၆ဦး၊ မ -၂၄၃ဦး စုစုပေါင်း(၄၆၉)ဦး ရောက်ရှိနေပြီး နမ့်ဖက်ကာကျေးရွာ အောင်သပြေစစ်ရှောင်းစခန်းတွင် ကျား – ၃၀ဦး နှင့် မ – ၂၅ဦး လူဦးရေ (၅၅)ဦး ရှိသည်။ ငေါ့ငါးကျေးရွာ၏မူရင်းအိမ်ခြေမှာ ၁၆၂အိမ်၊ လူဦးရေမှာ ၁၀၂၄ဦးရှိပြီး တိုက်ပွဲဖြစ်ရာမှ ရွာလုံးကျွတ် ထွက်ပြေးရာ စာရင်းအရ လူဦးရေစုစုပေါင်း ၄၉၄ဦး ရောက်ရှိနေပြီး အချို ့မှာ တောထဲသို့ပုန်းခိုပြီး တချို ့မှာ နီးစပ်ရာဆွေမျိုးအိမ်သို့ ခိုလှုံလျှက်ရှိကြောင်း သိရသည်။

“မိုင်းယုလေးရွာမှာက ဘုန်းကြီးကျောင်း နဲနဲကျဉ်းနေတော့ လောလောဆယ် ရွာထဲက အိမ်တွေမှာပဲ သူတို့ကို နေရာချထားပေးထားတယ်။ သူတို့ ရွာရဲ့ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး နေရာပြောင်းသင့် မပြောင်းသင့် ပြန်စီစဉ်ပေးဖို့ ဆွေးနွေးထားတယ်။ စားသောက်ရေးကိစ္စတော့ တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကနေပြီး ရွာထဲကို အလှူခံထားပါတယ်” ဟု မိုင်းယုလေးကျေးရွာ ဥက္ကဌမှ ပြောသည်။

စစ်ရှောင်များ၏လက်ရှိအခြေနေသည် မည်သည့်အဖွဲ့မှ လာရောက်ကူညီခြင်းမရှိသေးသောကြောင့် အဝတ်အထည်၊ အစားအသောက်နှင့် စောင်များ အရေးတကြီး လိုအပ်နေကြောင်း သိရပါသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *