မူဆယ်နဲ့ မိုးကုတ်မြို့နယ်တွင် တိုက်ပွဲတစ်ဖန်ပြန်လည်ဖြစ်ပွားနေ

၁၇ ရက်နေ့တုန်းက စစ်ကောင်စီနဲ့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) တို့အကြားမှာ တစ်ဖန်ပြန်လည် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံကျေးရွာ ၃ ရွာက နောက်တစ်ခါ ပြန်လည်ထွက်ပြေးနေရတယ်လို့ သတင်းရရှိပါတယ်။

ထွက်ပြေးတိမ်းရှောင် နေရတဲ့ နမ့်ကတ်ရွာခံတစ်ဦးက ” ဟိုဘက်(စကစ)က ထိုးစစ်ဆင်လာလို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရတာ၊ ကျနော်တို့က ပြီးခဲ့တဲ့ ၁၀ ရက်နေ့တုန်းကပဲ စစ်ရှောင်ရာကနေ အိမ်ပြန်လာရတာ၊ တိုက်ပွဲက ပြန်ဖြစ်နိုင်မယ်လို့တော့ထင်တယ် ဒါပေမဲ့တစ်ချို့က လယ်ခြံတွေပစ်ထားလို့မရလို့ ပြန်လာကြတာ အခုက ရွာလုံးကျွတ်ပဲ ပြန်ထွက်ပြေးရတာ မနေ့က ကျနော်တို့ရွာထဲမှာ လက်နက်ကြီးတွေ လျှောက်ပစ်လို့ မပေါက်သေးတဲ့ လက်နက်ကြီးတစ်လုံး ကျထားတယ်လို့ ပြောတယ်” လို့ ပြောပြပါတယ်။

အခုလက်ရှိမှာ နမ့်ကတ်ကျေးရွာ၊ မန်ကန်ကျေးရွာ နှင့် မန်ဆတ်ကျေးရွာတို့က ရွာလုံးကျွတ်ထွက်ပြေးရပြီးတော့ မူဆယ်မြို့နယ် တုံခွန်(နမ့်ကျန့်) ကျေးရွာ နဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွေမှာ စစ်ရှောင် ၅၀၀ ကျော် ရောက်ရှိတိမ်းရှောင်နေရပါတယ်။

မန်ကန် ကျေးရွာခံအမျိုးသမီးတစ်ဦးက ” တမနေ့က စပစ်ခတ်တယ်၊ မနေ့ကကလဲ ညနေပိုင်းဖြစ်တယ်၊ အဲ့ကြောင့် မနေ့ည ၈ နာရီချိန် ရွာလုံးကျွတ်ပဲ အခြားဘက်ကို ရှောင်လိုက်ကြတာ လောလောဆယ်ရွာမှာတော့ တစ်ချို့က အိမ်စောင့်ကျန်ခဲ့တယ်၊ အခြေအနေစောင့်ကြည့်နေတုန်းပဲ ဒီညမိုးမချုပ်ခင်အထိ လက်နက်ကြီးတော့ ပစ်နေတုန်းပဲ အသံကြားနေရတုန်းပဲ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ မန်ကန်ကျေးရွာခံတစ်ဦးဖြစ်တဲ့ ယာအီမောဝ်က တိုက်ပွဲဖြစ်နေစဉ်အတွင်း လမ်းကူးနေချိန်တွင် ဒူးခေါင်းမှာ လက်နက်ကျည်ဆံထိမိပြီ ထိခိုက်ဒဏ်ရာရခဲ့ပြီး ပရဟိတလူမှုကူညီရေးအသင်းက နမ့်ခမ်းဆေးရုံသို့ ခေါ်ဆောင်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် အသုံးပြုပြီး လေကြောင်းထိုးစစ်ဆင်မှုအပါ တိုက်ခိုက်ခဲ့လို့ တစ်ပတ်အတွင်း ၆ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် အဲ့ဒီတိုက်ပွဲကြောင့် လူထုတွေက နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေတာတွေ ရှိနေပါတယ်လို့ သတင်းရရှိပါတယ်။