တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသားများရွာလုံးကျွတ်တိမ်းရှောင်နေရ

မတ်လ ၂၂၊၂၀၁၈ခုနှစ်

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

မတ်လအတွင်းနမ္မတူတစ်ကျောတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာ (၅)ရွာမှ ရွာသားများထွက်ပြေး ရသည်ဟုသိရသည်။

ထွက်ပြေးတိမ်ရှောင်နေရသောရွာများမှာ နားဆိုင်ကျေးရွာ၊ လွယ်ပြေးကျေးရွာ၊ ပန်ကွတ်ကျေးရွာ၊ မန်ဝါကျေးရွာနှင့် လုပ်လေကျေးရွာ တို့ဖြစ်ကြသည်။ နားဆိုင်ရွာ – ၃၀ဦး၊ လွယ်ပြေးရွာ-၅၅ဦး၊ လုပ်လေ ၆၂ဦး စုစုပေါင်း -၁၄၇ ဦးသည် လားရှိုးမြို့ သာသနာ(၂၅၀ဝ)ကျောင်းတွင် စစ်ရှောင်နေကြသည်။

နားဆိုင်းစစ်ရှောင်တစ်ဦးပြောပြသည်မှာ “ကျမတို့ ရွာထဲမှာရှိနေတဲ့အချိန် ရွာထဲကို လက်နက်ကြီးကျတယ် ၊စကားမပြောတတ်တဲ့ လူတစ်ယောက်ထိတယ်၊ အိမ်တွေလဲနည်းနည်းပါးပါးထိတယ်၊ ကျမတို့ထွက်ပြေးပြီးနောက်ပိုင်း ထိခိုက်မှုရှိသေးလား မပြောတတ်တော့ဘူး၊ အခုချိန်ထိ ရွာထဲမှာ ဗမာစစ်သားတွေ ပြည့်နေတယ်၊ ရွာဘေးပတ်လည် မှာလဲ ရှမ်းစစ်သားတွေရှိနေတယ် “ဟု ပြောသည်။

လုပ်လေစစ်ရှောင်တစ်ဦးမှ ” ရွာမှာ တိုက်ပွဲတော့မဖြစ်ဘူး၊ ဒါပေမယ့် လက်နက်ကိုင် စစ်ကြောင်းတွေ ရွာဘေးမှာ ရှိနေလို့ တိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်တယ်၊ အဲ့ဒါကြောင့် ကျမတို့ရွာက လူတွေတစ်ရွာလုံး ထွက်ပြေးကုန်တယ်”ဟုပြောသည်။

တအာင်းအမျိုးသမီးအဖွဲ့မှ အခြေခံလိုအပ်ချက်ဖြစ်သော ဆန်၊ဆီ၊ဆားနှင့် စသည့်ဟင်းချက်စရာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး သုံးပစ္စည်းများကို သာသနာ(၂၅၀ဝ)ကျောင်းတွင် ရှိနေသော စစ်ရှောင်များကို သွားရောက်ကူညီပေးခဲ့သော်လည်း လုံလောက်မှုမရှိသေးကြောင်း နှင့် အလှုရှင်များထပ်လို အပ်သေးကြောင်း သိရသည်။

လားရှိုးမြို့တွင် သာသနာ (၂၅၀ဝ)ကျောင်းအပြင် ရပ်ကွက်(၉)နယ်မြေ(၃)ရှိ ကချင်နှစ်ချင်းကျောင်းတွင် လည်း စစ်ရှောင် (၉၀)ဦးရောက်ရှိနေကြောင်း သိရပါသည်။

နမ္မတူမြို့နယ် ပုဗ္ဗာရုံကျောင်းတွင် ပန်ကွတ်စစ်ရှောင်များရှိနေပြီး၊ မတ်လ ၂၁ရက်နေ့တွင် မန်ဝါရွာမှ စစ်ရှောင် ၅၇ဦးထပ်မံရောက်ရှိလာရာ စုစုပေါင်းလူဦးရေ ၂၆၄ဦး ရှိပြီဖြစ်သည်။ လားရှိုးနှင့်နမ္မတူ စစ်ရှောင်ဦးရေပေါင်း- ၄၄၁ဦး ရှိနေပြီဖြစ်သည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *