နမ့်ဖတ်ကာမှာ ခလရ ၁၂၃ စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံတစ်ထောင်ဝန်ကျင် ထွက်ပြေးသိမ်းရှောင်နေရ၊ အစားအသောက်၊ ဆေးဝါးအကူအညီလိုအပ်နေ

ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာမှာ ကချင်တပ်မတော်နှင့် အကြမ်းဖက်စစ်ကောင်စီတို့ အကြား ခလရ ၁၂၃ စခန်းသိမ်း တိုက်ပွဲအတွင်း နမ့်ဖတ်ကာဒေသခံ တစ်ထောင်ဝန်ကျင်ထွက်​ပြေး တိမ်းရှောင်နေရပြီး အခြေခံအစားအသောက်နှင့် ဆေးဝါးများ အကူအညီလိုအပ်နေပါတယ်။

ဖြစ်စဥ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မနက် ၅ နာရီဝန်ကျင်လောက်မှာ  အကြမ်းဖက်စစ်ကောင်စီနှင့်  ကချင်တပ်မတော် (KIA)တို့အကြား ပြင်းထန်စွာတိုက်ပွဲ​များ စတင်ခဲ့ပြီး အဆိုပါတိုက်ပွဲ ဖြစ်ပွားမှုကြောင့် နမ့်ဖတ်ကာဒေသခံများက နီးစပ်ရာနေရာ တွေမှာ ထွက်ပြေးတိမ်းရှောင် ကာနေခဲ့ရပါသည်။

လွယ်​တော်စေတီဘက်မှာ စစ်ရှောင်နေသူအမျိုးသမီးတစ်ဦးက ”ကျမတို့ဒီမှာ ရောက်တာကြာနေပြီ၊ သူများရွာမှာ သွားစုနေရင်လည်း လေယာဥ် လာကြဲမှာကြောက်လို့ လူစုဖို့ကအဆင်မပြေဘူး ၊ နေဖို့​နေရာမရှိလို့ လယ်ကွက်ထဲမှာ သဲထိုးပြီးနေကြတယ်၊ တစ်ကွဲတစ်ပြားဆီပဲ ခွဲနေရတယ်၊ လာကူပေးတဲ့အဖွဲ့လည်း မရှိတော့ အစားအသောက်တွေ အခက်အခဲဖြစ်တယ်၊ အိမ်ပြန်ယူလို့လည်း မရဘူး၊ ပါလာတဲ့ဟာနဲ့ပဲ ချွေတာပြီး စားသောက်နေရတယ်၊ အရမ်းကြာနေပြီဆိုတော့ စားသောက်ဖို့အတွက်က အဆင်မပြေတော့ဘူး ၊ တချို့ လွယ်ကန်ရွာက သူတွေဆို စားစရာမရှိလို့ မျက်ရည်​တွေနဲ့ပလိုင်းလွယ်ပြီးစားဖို့သွားရှာနေရတယ်၊ သူတို့ တွေက သနားဖို့အရမ်းကောင်းတယ် ၊ လာကူပေးတဲ့အဖွဲတွေရှိရင် ကျမတို့ က အရမ်းပျော်​ကြတယ်၊ တချို့ကူပေးတဲ့ အဖွဲ့တွေက လူမျိုးခြင်းခွဲခြားပြီးကူပေးတာရှိလို့ မရကြတဲ့တခြားလူမျိုးတချို့တွေက စားစရာမရှိလို့ ငိုတောင်ငို ကြတယ်”လို ​ပြောပြခဲ့ပါသည်။

လွယ်တော်စေတီဘက်နှင့် ဟိုမော၊ လွယ်ခုမ်၊ ဝင်္ကပါကျေးရွာများတွင် စစ်ရှောင်နေကြသော ဒေသခံများသည် တရုတ်၊ ဗမာ၊ ကချင်၊ တအာင်း စသည့် လူမျိုးများဖြစ်ကြပြီး TWO ကောက်ယူရရှိတဲ့စာရင်းအရ ရဟန်းသံဃာတော်များ အပါအဝင် လူဦးရေ ၃၀၀ နီးပါးရှိပါသည်။

နောက်ထပ်လွယ်ကန်ရွာခံ စစ်ရှောင်တစ်ဦးက “ကျမတို့လွယ်ကန်တစ်ရွာလုံးက ဟိုမောရွာအောက် တောနားမှာ သဲကိုယ်စီထိုးပြီးနေကြတယ်၊ အရမ်းဝေးတော့ ဘယ်သူမှလာမကူပေးနိုင်ကြဘူး၊ လမ်းလည်း ဆိုင်ကယ်နဲ့ပဲ သွားလို့ရတယ်၊ တစ်ရွာလုံးလည်း ထိခိုက်ပျက်စီးထားတော့ အိမ်ပြန်ရင်တောင်မှ တချို့ဆိုနေစရာ အိမ်တောင်ရှိမှာမဟုတ်ဘူး၊ ဒီမှာနေတာ အရမ်းအေးတယ်၊ တချို့လူကြီးပိုင်းတွေဆို ဖျားကြတာရှိတယ်၊ ပါလာတဲ့ဆေးနဲ့ပဲသောက်နေရတယ်၊ အစားအသောက်လည်း ဆန်ရှိရင် နည်းနည်းအဆင်ပြေပြီ ဟင်းတွေက တောထဲကဟင်းတွေရှာစားလို့ရတယ်”ဟု အစားအသောက်များ သွာရောက်ကူညီစဥ်တွင်  တအားအမျိုးသမီးအဖွဲ့အစည်းထံ ရင်ဖွင့်ပြောဆိုခဲ့ပါသည်။

အဆိုပါ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင် နေရသောနမ့်ဖတ်ကာ ဒေသခံများသည်  ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အများစုဖြစ်ပြီး မိုင်းယုလေးရွာတွင် လူဦးရေ ၆၀၀ ဝန်းကျင်နှင့် ခိုမုန်းရွာမှ လူဦးရေ ၁၀၀ ကျော်ထွက်ပြေးတိမ်ရှောင်နေရပြီး အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေသေးကြောင်း TWO မှ သတင်းရရှိထားပါသည်။

ဓါတ်ပုံ – တအာင်းအမျိုးသမီးအဖွဲ့အစည်း

#စစ်ရှောင်

#နမ့်ဖတ်ကာ

#တိုက်ပွဲ

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *