ကြိုးထိမိရာမှ မိုင်းပေါက်ကွဲပြီး အမျိုးသမီးငယ် တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခြင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့နယ် ပန်ကန်းကျေးရွာတွင် နေထိုင်သော အသက် (၁၅) နှစ် အမျိုးသမီးငယ် တစ်ဦးသည် ဇန်နဝါရီလ ၁၅ ရက်နေ့ ၂၀၁၆ ခုနှစ် နေ့လည် ၁ နာရီ ဝန်းကျင်ချိန်တွင် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာ အခြေစိုက် ရှမ်းတပ်မတော် ထောင်ထားသော ကြိုးမိုင်းကို သစ်ခွပန်းရှာရာမှ ထိမိရာ ထိုမိုင်း ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသည်။
ဒဏ်ရာရရှိသူ မိသားစုဝင်တစ်ဦးမှ “ ရွာနဲ့ ၅ မိုင်လောက် အကွာအဝေးမှာ သူမ အမေနှင့်အတူ သစ်ခွပန်း သွားရှာနေတယ်၊ အဲဒါနဲ့ နေ့လည် ၁း၁၅ ခန့်ချိန်မှာ သူမက ကြိုးကို ထိမိပြီး မိုင်းပေါက်ကွဲလိုက်တယ်၊ သူမ ချက်ချင်း လဲကျပြီး မေ့မျောသွားတယ်၊ သူ့အမေက သွေးသံရဲရဲနဲ့ သူမကို ဖက်ထားတယ်၊ အဲဒီချိန်မှာ ရွာက လူငယ်တစ်ယောက်လည်း သစ်ခွရှာဖို့ သူတို့ သားအမိရှိတဲ့ နေရာကို ရောက်လာပြီး တွေ့သွားတယ် ” ဟုပြောသည်။
ဒေသခံတစ်ဦး ပြောချက်အရ “ သူတို့ သားအမိကို သွေးတွေနဲ့ တွေ့တယ်ဆိုတော့ သေနတ်နဲ့ ပစ်ခံရတယ်လို့ ထင်တာ၊ ကျတော် သွားကြည့်လိုက်တော့ သေနတ်ပစ်ခံရတာမဟုတ်ဘူး ၊မိုင်းထိမိတာကို သိတယ်၊ အဲဒါနဲ့ ချက်ချင်း ရွာပြန်လာပြီးတော့ သူ့အဖေနဲ့ တခြားရွာသားတွေကို ခေါ်ပြီး သူမကို သွားသယ်လာတယ်၊ သူ့အဖေရဲ့ အသိ သူငယ်ချင်းကားကို ခေါ်ပြီး ချက်ချင်းဘဲ ဆေးရုံကို အဲဒီည ပို့လိုက်တယ်၊ ဆေးရုံရောက်တဲ့ထိ သတိမရသေးဘူး၊ ” ဟုပြောသည်
ထိုကြိုးမိုင်း ထိမိသော အမျိုးသမီးငယ်ကို ရှမ်းတပ်မတော်မှ ဆေးဖိုး ၁ သိန်းခွဲ ကူညီပေးမည်ဟု ဖုန်းဖြင့် လှမ်းဆက်ပြောသော်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသောအမျိုးသမီးငယ်၏ မိဘမှ ထိုမျှလောက်သော ပိုက်ဆံကို လက်မခံလိုဟု ပြောကာ မိတ်ဆွေ၏ အကူအညီဖြင့် မိမိကိုယ်တိုင် ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် (၁) နာရီ အချိန်တွင် လားရှိူးဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
သတင်းမှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း