မြန်မာ့တပ်မတော်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းကြောင့် ရွာသားများထွက်ပြေးနေရ

ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၇း၃၀ အချိန်တွင် ကွတ်ခိုင်မြို့နယ်၊ မန်နှိမ်းအွမ်အုပ်စု၊ ငေါ့ငါးကျေးရွာ အရှေ့ဘက်ရှိ စေတီကုန်းတွင် မြန်မာ့တပ်မတော်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်မှ လေယာဉ်ဖြင့် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ငေါ့ငါးရွာသားများ မိုင်းယုလေးစခန်းသို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။

ကျေးရွာဒေသခံတစ်ဦးပြောပြသည်မှာ “ ပြီးခဲ့တဲ့ ၃ ရက်က ရွာမှာ ပလောင်စစ်သားတွေရှိတယ်၊ ဗမာစစ်သားတွေက အဲဒီသတင်းကြားလို့ လေယာဉ်နဲ့ လာပစ်တာ၊ ဒီမနက် ၇နာရီခွဲမှာ သူတို့ အချင်းချင်း စတင်ပစ်ခတ်ကြတယ်၊ ၁၀ နာရီဝန်းကျင်မှာတော့ လေယာဉ်တစ်စီးနဲ့ ရွာအရှေ့ဘက် စေတီကုန်းမှာ ၅ ခါ ပစ်တယ်” ဟု ပြောသည်။

ငေါ့ငါးကျေးရွာသားများသည် ရွာတွင် မနေရဲတော့ဘဲ ရွာအနီးအနားရှိ နီးစပ်ရာ တောထဲတွင် ပုန်းခိုနေကြပြီး၊ တချို့မှာ မိုင်းယုလေးဒုက္ခသည်စခန်းသို့ ပြေးလာနေကြောင်း သိရသည်။

“ကျမတို့လည်း စခန်း(camp)ကနေ လက်နက်ကြီးပစ်သံတွေ ကြားနေရတယ်၊ စခန်းမှာ ရှိတဲ့သူတွေလည်း လက်နက်ကြီးကျလာမှာကို စိုးရိမ်နေကြတယ်၊ အခုဆိုရင် ငေါ့ငါးရွာကနေ လူတွေ ထွက်ပြေးလာနေတယ်လို့ကြားတယ်၊ ဒီမှာတော့ ၇ ဦးရောက်ပြီ ကျန်တဲ့သူတွေတော့ လာနေတုန်းပဲ”ဟု မိုင်းယုလေးစစ်ရှောင်စခန်းတာဝန်ရှိသူမှ ပြောပြသည်။

တိုက်ပွဲသည် မနက် ၁၀ နာရီခွဲတွင် ငြိမ်းသွားပြီဖြစ်သော်လည်း တိုက်ပွဲကြောင့်ကျေးရွာတွင် ထိခိုက်မှုရှိ မရှိ အခြေအနေ မသိရသေးပါ။