မိုင်းပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးသေဆုံး

မတ်လ ၆ရက်၊ ၂၀၁၈ခုနှစ်

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

နမ္မတူမြို့နယ် ချောင်းဆာအုပ်စု ညောင်ပန်လှကျေးရွာသား ကိုကျန်ပွင့်သည် မတ်လ ၄ရက်နေ့တွင် ရွာမှ မီးသွေးဖိုသို့ မီးသွားထည့်စဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့သည်ဟု သိရသည်။

ဒေသခံတစ်ဦး ပြောပြသည်မှာ “ညနေပိုင်း ၃နာရီလောက် မိုင်းပေါက်ကွဲသံကြားရတယ် ကျနော်တို့တော့ မတွေ့ဘူး။ အဲ့ဒီအနီးနားမှာရှိတဲ့ RCSS တွေကသွားကြည့်တာ မိုင်းနင်းမိပြီး ဒဏ်ရာရနေတာတွေ့တော့ သူတို့တဲရှိတဲ့နေရာကို ထမ်းသွားကြတယ်။ သူတို့စုံစမ်းကြည့်တော့ ညောင်ပန်လှရွာသားဖြစ်နေတယ်။ သူတို့အုပ်ချုပ်ရေးမှူးလာကြည့်တဲ့အချိန်တော့ သူ့အသက်ရှိနေသေးတယ်။ ခဏပဲ သူသေဆုံးသွားတယ်။ ဘယ်လောက်သနားစရာကောင်းသလဲ” ဟု ပြောသည်။

မိုင်းပေါက်ပြီးနောက် ကိုကျန်ပွင့်သည် ခြေနှစ်ဖက်စလုံး အရိုးများကွဲအက်ဒဏ်ရာကြောင့် နာရီဝက်အတွင်း သေဆုံးသွားသည်။ ကိုကျန်ပွင့်၏ အစ်ကိုဖြစ်သူ ကိုအိုက်အုမ်းသည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် နိုဝင်ဘာ ၇ရက်နေ့ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဒဏ်ရာရကာ လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံ ယူခဲ့ရကြောင်း ထပ်မံသိရသည်။

ညောင်ပန်လှရွာအနီးတွင် နိုဝင်ဘာ ၂၀၁၇ခု ၂၀၁၈ခုနှစ် မတ်လ ၄ရက်အထိ မိုင်းပေါက်ကွဲမှု ၅ကြိမ်ဖြစ်ခဲ့ပြီး လူတစ်ဦးနှင့် ကျွဲတစ်ကောင်သေဆုံးကာ၊ လူ၂ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသည်။ ဒေသခံများမှ မိုင်းပေါက်ကွဲမှု ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာဌာနများမှ ဒေသအတွင်း မိုင်းရှင်းလင်းရေးများ ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုကြသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *