မြန်မာ့တပ်မတော်မှ ရွာသားတစ်ဦးအား ဖမ်းဆီးရိုက်နှက်

မတ်လ ၅ရက်၊ ၂၀၁၈ခုနှစ်

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်သပြေရွာဟောင်းတွင် နေထိုင်သော မိုင်း—–အား မတ်လ (၃) ရက်နေ့တွင် ပန်ကွမ်ကျေးရွာအခြေစိုက် မြန်မာ့တပ်မတော် တပ်ရင်း ခလရ(၅ဝ၂)မှ ဖမ်းဆီး ရိုက်နှက်ခဲ့သည်ဟု သတင်းရရှိသည်။

မိုင်း— အစ်ကိုဖြစ်သူပြောပြသည်မှာ “ အဲနေ့က ကျနော်တို့ ကားနဲ့ထင်းသွားသယ်တယ်။ ညနေ(၄)နာရီထိုးတော့ သူ့သူငယ်ချင်းကို အရက်ဝယ်တိုက်မယ်ပေါ့၊ ပန်ကွမ်ရွာကို တက်သွားပြီး အရက်သွားဝယ်တယ၊် ဝယ်ပြီး ပြန်ထွက်လာတော့ ပန်ကွမ်ရွာက ကိုအောင်မှတ်က ဟေ့—မင်းက ပလောင်စစ်သားမဟုတ်လားတဲ့ အော်လိုက်တာ အဲနားမှာ ကင်းစောင့်တဲ့ဗမာစစ်သား(၃) ယောက်က သူ့ကို ဝိုင်းဖမ်းပြီး သူတို့ဗိုလ်ကြီးဆီ ခေါ်သွားတယ်၊ သူတို့ရုံးခန်းထဲမှာ တံခါးပိတ်ပြီး လက်သီးနဲ့ထိုးတာ သွားတစ်ချောင်းတောင် ကျိုးသွားတယ်”ဟု ပြောသည်။

မိုင်း—-၏အစ်ကိုဖြစ်သူ (၂)ဦးမှ မိုင်း—အား ပြန်လွှတ်ပေးရန် တောင်းပန်သော်လည်း ဗိုလ်ကြီးမှ အစ်ကိုလတ်ကို ပါးတစ်ချက်ရိုက်ခဲ့ပြီး၊ အစ်ကိုကြီးဆုံးဖြစ်သူကိုလည်း သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ခဲ့သည်။ ထို့နောက်တွင် ပန်သပြေကျေးရွာ ဥက္ကဌနှင့် အတွင်းရေးမှူးကိုယ်တိုင် သွားရောက်တောင်းပန်မှသာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရိုက်နှက်ခံရသော မိုင်း—-၏ ဘယ်ဘက်မျက်လုံးတွင် ဒဏ်ရာရပြီး သွားတစ်ချောင်း ကျိုးသွားသည့်အပြင် နှုတ်ခမ်းတွင် ထိုးကြိတ်ရိုက်နှက်ထားသည့် ဒဏ်ရာကြောင့် နှုတ်ခမ်းပေါက်ပြဲကာ စကားပီပြင်စွာ မပြောနိုင်သေးပါ။

မြန်မာ့တပ်မတော် တပ်ရင်း ခလရ(၅ဝ၂)သည် ပန်ကွမ်ကျေးရွာတွင် အခြေစိုက်ခဲ့သည်မှာ ၂ နှစ်ကျော်ရှိခဲ့ပြီ ဖြစ်သည်။ ထိုဒေသ ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင် မကြာခဏဆိုသလို လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိသည်ဟု သိရသည်။