မြန်မာ့တပ်မတော် တပ်သားမှ တအာင်းရွာသားတဦးအား ပစ်ခတ်သတ်ဖြတ်

သြဂုတ်လ၊ ၂၁၊ ၂၀၁၇

သြဂုတ်လ ၁၆ ရက်နေ့တွင် မုံးဟွမ်အခြေစိုက် တပ်မ ၆၆ တပ်သားတဦးမှ ကွတ်ခိုင်မြို့နယ် ကောင်းခမ်းရွာသား မိုင်းအိုက်ကျမ် အသက် ၁၈ အား တောင်ယာအစပ်တနေရာတွင် သေနတ်ဖြင့် ပစ်ခတ်ပြီး သတ်ဖြတ်ခဲ့ကြောင်း ရွာခံများ သတင်းပေးပို့ချက်အရ သိရသည်။

၄င်းတပ်သားသည် ပြောင်းဖူးခြံတွင် နေ့စားအလုပ်လုပ်နေသော မိုင်းအိုက်ကျမ်နှင့် အမျိုးသမီးငယ်တဦးအား လမ်းပြအဖြစ် လိုက်ပေးရမည်ဟုဆိုပြီး ထိုသူ (၂)ဦးအား ခေါ်ဆောင်သွားရာ တောင်ယာအကျော်တွင် မိုင်းအိုက်ကျမ်အား သေနပ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

စိတ်မချ၍ နောက်တွင် လိုက်ပါလာသော မိုင်းအိုက်ကျမ် အစ်မမှ အိုက်ကျမ်အား ကာကွယ်ပေးခဲ့သော်လည်း ၄င်းတပ်သားသည် ထိုသူကို ထပ်မံရိုက်နှက်ခဲ့သည်။

မိုင်းအိုက်ကျမ် အစ်မနှင့် အမျိုးသမီးငယ်သည် ၄င်းတပ်သားမှ မိုင်းအိုက်ကျမ်အား မသေမချင်း ထပ်မံရိုက်နှက်နေချိန်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ရွာခံတဦးမှ “အိုက်ကျမ်က သူ့အစ်မရှိတဲ့ မန်ကောင်းရွာကို အလည်သွားတာ သူတို့အလုပ်လုပ်တဲ့ ပြောင်းဖူးခြံထဲလိုက်သွားတာ ပြောင်းဖူးခြံထဲမှာ ယောင်္ကျားလေးက သူတစ်ယောက်ပဲ အဲဒီစစ်သားက မိန်းကလေးတယောက်နှင့် သူ့ကို လမ်းပြပေးဆိုပြီး ခေါ်သွားတာ တောင်ထိပ်ရောက်တော့ သူ့ကိုပစ်လိုက်တယ်” ဟု ပြောပြခဲ့သည်။

မုံးဟွမ်အခြေစိုက် တပ်မ ၆၆ မှ မိုင်းအိုက်ကျမ် မိသားစုအား ငွေကျပ် ၈ သိန်းခွဲနှင့် ဆန် ၂ အိတ်ပေးကာ ကျေအေးပေးရန်နှင့် အမှုမဖွင့်ရန် တားမြစ်ခဲ့သည်။ မိသားစုမှ အမှုဖွင့်ချင်သော်လည်း မန်ကောင်းပြည်သူ့စစ်များ ဖိအားပေးမှုကြောင့် လျော်ကြေးအားလက်ခံ ကျေအေးလိုက်ရသည်။

မှတ်တမ်းနှင့် သုတေသနဌါန
တအာင်းအမျိုးသမီးအဖွဲ့အစည်း