RCSS/SSA တပ်ဖွဲ့မှ ဒေသခံ(၃)ဦးအား TNLA တပ်သားဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်

မတ်လ (၁၀) ရက်နေ့၊ ၂၀၁၈ ခုနှစ်

မှတ်တမ်းနှင့် သုတေသနဌါန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

မတ်လ(၇)ရက် ၂၀၁၈ခုနှစ် မန်တုံမြို့နယ် လွယ်ကန်ကျေးရွာသား ၃ဦးကို RCSS/SSAတပ်ဖွဲ့မှ TNLAနှင့်ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းစစ်ဆေးမေးမြန်းပြုလုပ်ပြီး ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုအောင်သိန်း၊ မိုင်းထွန်းအေးနှင့်မိုင်းအိုက်ကျန် (၃)ဦးတို့သည် လားရှိုးမှ မန်တုံသို့ပြန်ကြ သည့်လမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရိုက်နှက်ခံရသူ ကိုအောင်သိန်းမှ “ကျနော့်ကလေး နေမကောင်းလို့ ဆေးခန်းသွားပြပြီး အပြန်လမ်း အီနိုင်းရွာအကျော် မိုင်းရင်လမ်းခွဲနားရောက်တော့ RCSS အဖွဲ့က ကျနော့်ကားကို တားတယ်၊ သူတို့က ကျနော့်ကို TNLA နဲ့ မသင်္ကာလို့၊ သူတို့ပြောတာ နင်က စစ်ယူနီဖောင်းသယ်လာတယ်၊ သတင်းအတိအကျရပြီးသား နင့်နာမည်တွေ ကားနံပါတ်အကုန်လုံး တိတိကျကျရထားပြီးသားတဲ့ နင်က TNLA အဖွဲ့အစည်းက လူတစ်ယောက်ပဲ မင်းမလိမ်နဲ့၊ ပြီးတော့ လားရှိုးရပ်ကွက်(၅)မှာ TNLA စစ်ယူနီဖောင်းချုပ်ဖို့နေရာကို လိုက်ပြပေးရမယ်တဲ့” ဟု ပြောသည်။

RCSS တပ်ဖွဲ့ ရိုက်နှက်မှုကြောင့် ကိုအောင်သိန်းသည် ကျောကုန်းတစ်ပြင်လုံးတွင် ဒဏ်ရာရခဲ့ပြီး မိုင်ထွန်းအေးနှင့် မိုင်းကျန်ဆိုင်သည်လည်း ကျောကုန်းနှင့် ပေါင်တွင် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ကိုအောင်သိန်း၏ ဇနီးနှင့်ကလေးကို လမ်းမကြီးဘေးတွင် ထားခဲ့ပြီး ကားနှင့် လူကို ဖမ်းသွားခဲ့သည်ဟု ပြောသည်။

ကိုအောင်သိန်းနှင့် သူ၏ သူငယ်ချင်း(၂)ဦးကို RCSS တပ်ဖွဲ့မှ သူတို့ရှိရာဌာနသို့ တစ်ည ဖမ်းဆီးချုပ်နှောင်ထားပြီး မတ်လ (၈) ရက်နေ့ နေ့လည် (၁၁)နာရီအချိန်တွင် ပြန်လွှတ်ပေးပြီး မိုင်းထွန်းအေး၏ ကျပ်(၂)သိန်းလောက် တန်ဖိုးရှိသော နာရီတစ်လုံးကိုလည်း ယူဆောင်သွားခဲ့သည် ဟု သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *