လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာခံ(၂)ဦး ထိခိုက်ဒဏ်ရာရ

မတ်လ ၉ရက်၊၂၀၁၈ခုနှစ်

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

နမ့်ခမ်းမြို့နယ်၊ မန်စပ်အုပ်စု၊ မန်စပ်ကျေးရွာတွင် ၂၀၁၈ခုနှစ် မတ်လ ၈ရက် မနက်ပိုင်း (၁၀)နာရီခွဲ အချိန်တွင် မြန်မာ့တပ်မတော်အဖွဲ့မန်လီရွာမှနေ၍ လက်နက်ကြီး(၃)လုံး ပစ်ခတ်မှုကြောင့် ဒေသခံလင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာ ရပြီး နမ့်ခမ်းဆေးရုံသို့ ဆေးကုသခံနေရသည်ဟု သတင်းရရှိသည်။

မန်စပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ပြောပြချက်အရ “လက်နက်ကြီးကဟိုနားရွာကနေ မန်စပ်ရွာကို ပစ်ခတ်လာတာ၊ ဖြစ်ချင်တော့ တာကူန်းလွေးတို့ ဇနီးမောင်နှံက အိမ်အောက်ဘက်မှ လက်ဖက်ခြံရှင်းနေ တဲ့အချိန် ဖြစ်နေတော့ နှစ်ယောက်စလုံးထိသွားတယ်၊ ဘယ်အဖွဲ့က ပစ်လာလဲဆိုတာ ကျနော်တို့ သေချာမပြောတတ်ဘူး” ဟု ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးအောင်ဆာ(ခ) တာကူန်းလွေးအောင်ဆာ၏ ဘယ်ဘက်ပုခုံးနှင့် ဇနီး ဒေါ်အေး (ခ) မာလွေးအောင်ဆာ၏ ဘယ်ဘက်နံရိုးအောက်တို့တွင် ကျည်စထိမှန်ခဲ့သည်။ အခင်းဖြစ်ပွား ပြီးချင်း ရွာသားများ၏ အကူအညီဖြင့် နမ့်ခမ်းဆေးရုံ ခွဲစိပ်ကုသဆောင်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

အုပ်ချုပ်ရေးမှူးမှ ယခုလို ဒေသခံများ ထိခိုက်ဒဏ်ရာရမှုအပေါ် နောက်ထပ် အလားတူအဖြစ်မျိုး ထပ်မံ မဖြစ်ပွားရလေအောင် တာဝန်ရှိသူများကို မေတ္တာရပ်ခံချင်သည်ဟု ထပ်မံပြောကြားသည်။

ထိခိုက်ခံရသူ နှစ်ဦးသည် သက်ကြီးရွယ်အိုများဖြစ်ကြပြီး သားသမီးများ အခြားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေကြသည်ဟုလည်း သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *