မန်တုံမြို့အတွင်း ပေါက်ကွဲမှု ဖြစ်ပွားမှုကြောင့် စာသင်ကျောင်းပိတ်ထားရ

သြဂုတ် ၄ ရက် ၂၀၁၇ ခုနှစ်
ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့နှင့် ၃ မိုင်အကွာတွင် ပေါက်ကွဲမှု တခု စတင်ဖြစ်ပွားသဖြင့် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီး-ငယ် ပစ်ခတ်လျက်ရှိရာ ကျောင်းတက် နေသည့် ကျောင်းသူ-ကျောင်းသားများမှ ထိတ်လန့်ကာ မိမိအိမ်သို့ ထွက်ပြေးကြသဖြင့် ကျောင်းပိတ်ထားသည်ဟု သိရသည်။

သြဂုတ်လ ၄ရက် ၂၀၁၇ခုနှစ်တွင် စစ်ကား (၁၀) စီးကျော်ဖြင့် မြန်မာ့တပ်မတော် တပ်မ (၇၇)မှ မန်တုံမြို့သို့ တက်လာနေစဉ် လမ်းခုလတ်တနေရာတွင် ပေါက်ကွဲမှု တစ်ခု စတင်ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားသည့် အနီးတစ်ဝိုက်တွင် မြန်မာ့တပ်မတော်တို့ အပြင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ လှုပ်ရှားနေသည်ဟု သိရသည်။ ၄င်းပေါက်ကွဲမှုသည် မည်သည့် တပ်ဖွဲ့ထံမှ စတင် ဖြစ်ပွားသည်ကို သေချာမသိရကြောင်း ဒေသခံအချို့မှ ပြောသည်။

ထို့နောက် မန်တုံအခြေစိုက် ခလရ (၁၃၀)မှ ယခုချိန်ထိ မြို့တွင်း မြို့ပြင်သို့ လက်နက်ကြီး-ငယ်ဖြင့် ရမ်းပစ်ရာ တအာင်းအမျိုးသားပါတီရုံး အနောက်ဘက်တွင် တစ်လုံး၊ ဟိုမိန်းရွာအနီးတွင် တစ်လုံး၊ မြို့အတွင်း သုံးလုံး ကျပြီး ပေါက်ကွဲသည်။ ထို့ပြင် မြို့တွင်း ဈေးဆိုင်များလည်း ပိတ်သိမ်းလျက်ရှိပြီး မန်တုံ – နမ္မတူ ကားလမ်းကိုလည်း ပိတ်ထားသည်။

ထိခိုက်ပျက်စီး၊ ဆုံးရှှုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပါ။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း