ရွာသားတစ်ဦး မိုင်းနင်းမိပြီး သီပေါဆေးရုံသို့ ဆေးကုသမှု ခံယူနေရ
မတ်လ ၁၆၊ ၂၀၁၈ ခုနှစ်
မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း
မတ်လ ၁၄ ရက်၊ နံနက် ၈း၃၀အချိန်တွင် နမ္မတူမြို့နယ် ချောင်းဆာအုပ်စု၊ ပန်ကိုင်ကျေးရွာနေ ဦးခူးမလား၆၅နှစ်သည် ပန်ကိုင်ရွာမှ ၃ ဖာလုံလောက်အကွာအဝေးရှိသည့် ရွာထိပ်သို့ ဝါးသွားခုတ်စဉ် မိုင်းနင်းမိကာဒဏ်ရာပြင်းထန်သဖြင့်သီပေါဆေးရုံသို့ ဆေးကုသမှုခံယူနေသည်ဟုသတင်းရရှိသည်။
ရွာသားတစ်ဦးပြောပြသည်မှာ “ သူက ဝါးသွားခုတ်မလို့ သွားနင်းမိတာ၊ သူနဲ့သူ့သားက အတူတူသွားတယ်၊ ကံကောင်းလို့ သူ့သားလေးက အနောက်ဘက်ကနေလိုက်လာတာ၊ သူ့ရဲ့အရှေ့ ၇ လံ၊ ၈ လံ လောက်မှာ မိုင်းပေါက်တယ်၊ သူ့သားက ကျနော်တို့ကို လာခေါ်တယ် “ ဟု ပြောသည်။
ဦးခူမလားမိုင်းနင်းမိရာ ညာခြေထောက်၊ ဘယ်ဘက်လက်နှင့် ညာတင်ပါးတို့တွင် ဒဏ်ရာရရှိသောကြောင့် ချောင်းဆာအုပ်စုဥက္ကဌထံအကူအညီတောင်းသဖြင့် သီပေါမြို့ပေါ်ရှိ နယ်စည်းမခြားလူမှုရေးပရဟိတ အသင်းမှလာရောက်သယ်ဆောင်ပေးပြီး သီပေါဆေးရုံသို့ ပို့ပေးခဲ့သည်။
ဓာတ်မှန်ရိုက်၍ဆေးစစ်ချက်အရ ဦးခူမလား၏ မိုငး်ထိထားသည့် ညာခြေထောက်နေရာတွင် အကြောပျက်သွားခဲ့ပြီး ဘယ်ဘက်လက်မထိပ် ဖျက်လိုက်ရသည်။
“ဒီမတ်လ(၁၄) ရက်နေ့တုန်းကလည်း ညောင်ပန်လှရွာနားလေးမှာ မိုင်း ၂ လုံးပေါက်ကွဲခဲ့တယ် ဒါပေမဲ့ လူတော့ မထိခိုက်ဘူး၊ ပြီးတော့ မနေ့တုန်းကလည်း ရေအိုးရွာဥက္ကဌရဲ့အိမ်ရှေ့မှာလည်း မိုင်းပေါက်တယ်လို့ ပြောတယ် ဘယ်အဖွဲ့က လုပ်တာလည်း မသိဘူး “ ဟု ထပ်မံပြောပြသည်။
၂၀၁၇ စက်တင်ဘာလ မှ ၂၀၁၈ မတ်လ ၁၆ရက်နေ့အထိ နမ္မတူမြို့နယ်အတွင်းတွင် မကြာခဏဆိုသလို မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ စားဝတ်နေရေးအတွက် အလုပ်ခွင်သို့ သွားလာရန် စိုးရိမ်ပူပန်လျှက်ရှိနေကြသည်။